သိန္နီ၊ လားရှိုး၊ နောင်ချိုမြို့နယ်များရှိ လုံခြုံရေးစခန်းများကို MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့ ဆက်လက် တိုက်ခိုက်
မြူနစ် (NSS) - အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်အတွင်း သိန္နီ၊ လားရှိုး၊ နောင်ချိုမြို့နယ်များရှိ လုံခြုံရေးစခန်းများကို MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့ က ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှစ၍ (၁ဝ၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များအတွင်းရှိ လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့(အောက်တိုဘာ ၂၉ ရက်) တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု မဟာမိတ်(၃)ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာရှိ တပ်စခန်းတစ်ခုကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်(၃)ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို တွေ့ရှိရသည်။
ထို့ပြင် သိန္နီမြို့ရဲစခန်းကိုလည်း ယနေ့နံနက်ပိုင်းတွင် မဟာမိတ်(၃)ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
“သိန္နီက ရဲစခန်းကို ဝင်တိုက်တာပေါ့။ ဝင်တိုက်ပြီးတော့ ပြန်ထွက်သွားတယ်။ သိန္နီတစ်မြို့လုံးကို သိမ်းပိုက်ထားတာမျိုး မရှိပါဘူး။ စစ်တပ်ဘက်ကလည်း ပြန်လည်တိုက်ခိုက်နေတာရှိတယ်။ ပစ်ခတ်တာတွေကတော့ ဆက်ရှိနေ တုန်းပဲ” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် လက်နက်ကိုင် မဟာမိတ်(၃)ဖွဲ့အနေဖြင့် သိန္နီမြို့ကို သိမ်းပိုက်ထားသည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း အမှန်တကယ်သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမျိုး မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
အလားတူ မဟာမိတ်(၃)သည် လားရှိုးမြို့၏ အရှေ့ဘက် ကီလိုမီတာ(၄ဝဝ)ကျော်အကွာတွင် တည်ရှိသော လုံခြုံရေးစခန်း (၂)ခုကို တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
“မနေ့ကညတော့ လားရှိုးမြို့ထဲမှာတော့ မဟုတ်ဘူးပေါ့။ မြို့အပြင်ဘက်မှာပေါ့ ပစ်ခတ်တိုက်ခိုက်တာတွေ တော်တော်ဖြစ်သွားတယ်။ လက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော စုံစိနေအောင် ကြားရတယ်။ လူတွေ လည်း ကြောက်လန့်နေ ကြတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက NP News ကိုပြောသည်။
(၁ဝ၂၇ စစ်ဆင်ရေး) ကာလအတွင်း လက်နက်ကိုင်မဟာမိတ်(၃)က တပ်မတော်၏ လုံခြုံရေးစခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က တစ်စုံတစ်ရာထုတ်ပြန် အသိပေးခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသွားဧည့်သည်များပြားမှုကြောင့် ဝန်မနိုင်ဖြစ်ကာ မန္တလေးဦးပိန်တံတား ကျိုးကျမှုဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ