နျူကလီးယားဆိုဒ်များကို ရှင်းလင်းရန်အတွက် ကုန်ကျစရိတ်မှာ ပြီးခဲ့သည့်(၇)နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁)ဘီလျံခန့် တိုးမြင့်လာခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ခံရုံးက သတင်းထုတ်ပြန်ခဲ့
Pika (NSS) - အောက်တိုဘာ ၁၉
စစ်အေးခေတ်က ကျန်ရှိခဲ့သော နျူကလီးယားစွန့်ပစ်ပစ္စည်းများရှိနေသည့်နေရာ(site) (၁၉)ခုကို ရှင်းလင်းရန် အတွက် ခန့်မှန်းခြေကုန်ကျစရိတ်သည် ပြီးခဲ့သည့်(၇)နှစ်အတွင်း အမေရိကန်ဒေါ်လာ(၁)ဘီလျံခန့်ထိ မြင့်တက် လာခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ခံရုံး GAO က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။
FUSRAP အောက်တွင်ရှိသော နျူကလီးယားစွန့်ပစ်ပစ္စည်းများပါရှိသည့် ဆိုဒ်များကို သန့်ရှင်းရန်အတွက် စီမံခန့်ခွဲမှု များကို ပိုမိုမြှင့်တင်ရန် စစ်တပ်၏ အင်ဂျင်နီယာများကို GAO က တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကုန်ကျစရိတ်များ တိုးမြင့်လာခြင်း၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ဆိုဒ်များ ရှင်းလင်းရေးနှင့်ပတ်သက် ပြီး မသေချာမရေရာမှုများအပြင် ငွေကြေးဖောင်းပွမှုများကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နျူကလီးယားစွန့်ပစ်ပစ္စည်း အများဆုံးပါရှိသည့်ဆိုဒ်လေးခုမှာ ကုန်ကျစရိတ်တိုးလာမှု၏ လေးပုံတစ်ပုံအတွက် တာဝန်ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ ဆိုဒ်လေးခုထဲမှ နှစ်ခုမှာ နယူးယောက်ပြည်နယ်တွင်ရှိပြီး တစ်ခုမှာ Niagara ရေတံခွန်အနီးတွင်ရှိကာ အခြားတစ်ခုမှာ Lockport မြို့တွင်ရှိကြောင်း သိရသည်။ ကျန်သော ဆိုဒ်များမှာ Armstrong ကောင်တီ၊ ပင်ဆယ်ဗေးနီးယားပြည်နယ် နှင့် St. Louis မြို့ ဧရိယာတို့တွင် ရှိကြောင်း သိရသည်။
FUSRAP အောက်တွင်ရှိသော ဆိုဒ်(၁၉)ခုမှာ အရှေ့ (သို့မဟုတ်) အနောက်အလယ်ပိုင်းရှိ ပြည်နယ်(၈)ခုတွင် ရှိကြောင်းလည်း သိရသည်။ စစ်တပ်၏ အင်ဂျင်နီယာများသည် FUSRAP အောက်တွင်ရှိသော ဆိုဒ်(၁၉)ခုကို ရှင်းလင်းရန်အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ဘီလျံကို အစီရင်ခံခဲ့ပြီး ၂ဝ၁၆ ခုနှစ်က ခန့်မှန်း ထားသော ကုန်ကျစရိတ်များထက် အမေရိကန်ဒေါ်လာ(၁)ဘီလျံခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း သိရသည်။ ကုန်ကျစရိတ်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်စဉ်ငွေကြေးဖောင်းပွမှုပြောင်းလဲမှုများကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဂျိုးဘိုင်ဒန် အပါအဝင် အမေရိကန်နိုင်ငံရေးသမားများ လေ့လာသင်ယူစရာများ ကျန်ရှိနေကြောင်း ရုရှားသမ္မတပူတင် ဝေဖန်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ