ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များကို မြန်မာကန့်ကွက်ပယ်ချ
Pearl (NSS) - အောက်တိုဘာ ၁၅
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံဘက်က ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၄ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ဂျီနီဗာမြို့၌ စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် အထောက်အထားခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ၏ အစီရင်ခံစာနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုများဖြစ်ပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲများ၏ လုပ်နည်းလုပ်ဟန်များသည် တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်သည့်နိုင်ငံထံမှပူးပေါင်းမှုမရရှိဘဲ မြန်မာနိုင်ငံ၏ မျက်ကွယ်တွင် ကျင်းပခြင်းကြောင့် ပို၍ တစ်ဖက်စောင်းနင်းဖြစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလားတူ လူ့အခွင့်အရေးကောင်စီသည် တရားစွဲဆိုသည့် ယန္တရားထူထောင်ရန် လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ IIMM ကိုထူထောင်ခဲ့ပြီး တည်ထောင်ချိန်မှစ၍ IIMM ၏ လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံက အသိအမှတ်ပြု လက်ခံခြင်းမရှိကြောင်း ဆက်လက် ပြောဆိုထားသည်။
ထို့ပြင် IIMM က စုဆောင်းခဲ့သည့် မှန်ကန်မှုကိုအတည်ပြုနိုင်ခြင်းမရှိသော သတင်းအချက် အလက်အပိုင်းအစ ၂၃ သန်းနှင့်ပတ်သက်၍ မည်သို့စိစစ်သည်ကိုဖော်ပြထားခြင်းမရှိဘဲ အစိုးရများထံမှ ထောက်ပံ့ငွေရယူခြင်းမပြုရန် တားမြစ်ထားသည့်တိုင် IIMM သည် အချို့သောအစိုးရများထံမှ ထောက်ပံ့ငွေများကို ပြောင်ပြောင်တင်းတင်း လက်ခံလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် IIMM ကို ဖန်တီးသူများ၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအပေါ် အကွက်ချအမှုဆင်ရန် အစီအမံသက်သက်သာဖြစ်ပြီး အစီရင်ခံစာတွင် စွပ်စွဲထားသည့်ဖြစ်ရပ်များသည် အစိုးရကို ဆန့်ကျင်သည့်ရင်းမြစ်များ သို့မဟုတ် အကြမ်းဖက်သမားများကို ထောက်ခံသည့် သတင်းမီဒီယာများကို ကိုးကားထားကြောင်းတွေ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်သက်ရောက်မှုမျှမရှိသည့်တိုင် မဟာမင်းကြီးသည် ၎င်း၏ အစီရင်ခံစာတွင် မြန်မာကိစ္စအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပို့ရေး အပါအဝင် ဆီလျော်မှုမရှိသည့် သုံးသပ်အကြံပြုချက်များကို ထည့်သွင်းရေးသားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် နိုင်ငံအချို့၏ ယင်းကဲ့သို့လျော်ကန်မှုမရှိသည့် ရည်ညွှန်းပြောဆိုချက်များကို ခြွင်းချက်မရှိပယ်ချလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်နိုင်ရန် ရုရှားနိုင်ငံ ကြားဝင်စေ့စပ်မှုကို လက်ခံမည်ဟု ဟားမက်စ်အဖွဲ့ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း