သီပေါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ
သန့်ဇင်(NSS) - အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ သီပေါမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ရေမြင့်တက်ကာ ရပ်ကွက်အချို့ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တာလာခြင်းကြောင့် ယနေ့ (အောက်တိုဘာလ ၁၃ ရက်)၊ နံနက်ပိုင်းမှစတင်ကာ သီပေါမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးလျှံမှုများဖြစ်ပေါ်လာခဲ့ကြောင်း နယ်စည်းမခြား(သီပေါ) ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာက သီပေါရဲ့အထက် နမ္မတူမှာမိုးက တော်တော်ကြီးကို သည်းထန်စွာရွာပြီးတော့ ဒုဌဝတီမြစ်ကနေရေကြီးတာပေါ့။ မနက်ကအခြေအနေက တော့ တော်တော်ဆိုးတာပေါ့နော်။ ရပ်ကွက် (၂)ခုလောက်ကိုရေကြီးနေတာပါ” ဟု နယ်စည်းမခြားပရဟိတ (သီပေါ)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဒုဌဝတီမြစ်ရေမြင့်တက်လာမှုကြောင့် သီပေါမြို့ရှိ ဈေးရပ်ကွက်နှင့် ပန်းတိမ်တောင်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အိမ်ထောင်စု(၇၀)ကျော်ခန့်နှင့် လူဦးရေ (၃၄၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
“ခုတော့ ရေနည်းနည်းပြန်ကျသွားပါပြီ။ ရပ်ကွက် (၂)ခုက အိမ်ခြေ(၇၀) ကျော်ရွှေ့ပြောင်းထားရပါတယ်။ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်နေတုန်းပါ။ အရင်တုန်းကတော့ ရေကြီးပေမဲ့ခုလောက်တော့မဆိုးပါဘူး။ ခုတစ်ခါက တော်တော်လေးကို ရေလျှံတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် သီပေါမြို့ရှိ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်အချို့၌ ကူညီကယ်ဆယ်မှုများနှင့် ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်၌ တောင်ကျရေများ မြို့တွင်းသို့ ဝင်ရောက်မှုကြောင့် ယာယီဓာတ်အားပိတ်ထားဟုဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း