ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် ပြင်ဆင်နေ
Pearl (NSS) - အောက်တိုဘာ ၁၂
ရန်ကုန် - မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားလမ်းရေကျော်နေရာများ ရေပြန်လည် ကျဆင်း၍ လမ်းပိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သည်များကိုမွမ်းမံပြင်ဆင်ကာ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) ၊ ညပိုင်းတွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်၊ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရန်ကုန် - မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား နှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထားလမ်းပေါ်ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရထားလမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသည့် လူစီးအမြန်ရထားနှစ်စင်းမှ ခရီးသည် များကို ကားများစီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်-မန္တလေး နှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်)၊ နံနက်ပိုင်းမှစ၍ရေများပြန်လည်ကျဆင်းလာသဖြင့် အဆိုပါရေဖုံးလွှမ်းခဲ့သည့် လမ်းပိုင်းများသို့ မြန်မာ့မီးရထားမှတာဝန်ရှိသူများက တွဲဆိုင်းကိုးတွဲပါသော ကျောက်ရထားဖြင့် လမ်း၏ကြံ့ခိုင်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ သွားရောက်စစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ပဲခူးဘူတာနှင့် ကလိဘူတာအကြား လမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁ဝ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ရှစ်တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက်နေရာများတွင် ကျောက်စီထည့်ခြင်းစသည့် လမ်းပိုင်း ကြံ့ခိုင်မှုအတွက် လိုအပ်သည်များကိုမွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီး(၂)ဦးကို အကြွေးများဖြင့် နှောင်ဖွဲ့၍ တရုတ်အမျိုးသားများထံ ရောင်းစားရန် စီစဉ်ခဲ့သူအား အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း