KIA ဌာနချုပ်အနီးရှိ မုန်လိုင်ချက်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် ယမ်းသိုလှောင်ရုံ ပေါက်ကွဲခြင်းသာဖြစ်ဟု နစကထုတ်ပြန်
မြူနစ် (NSS) - အောက်တိုဘာ ၁၁
KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချက်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲခြင်းဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(အောက်တိုဘာလ ၁၁ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပေါက်ကွဲဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများက တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လည်းကောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့်လည်း ကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားနေကြောင်း နစကမှ ဆို သည်။
ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ချက်များ၊ အမာခံသတင်းပေးများ၏ သတင်းပေးပို့ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းသာဖြစ်သည်ဟု နစကမှ ပြောသည်။
၎င်းယမ်းများကို KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ(အားလီကျဲ)တို့ ပိုင်ဆိုင်ပြီး ဂိုဒေါင်အတွင်း၌ ယမ်း(၁၀၅)တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများ သို လှောင်ထားသည်ဟုလည်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယင်းသိုလှောင်ရုံ၌ အောက်တိုဘာလ ၉ ရက်ညပိုင်းတွင် မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အလားတူ တရုတ်နိုင်ငံနယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်ဟုလည်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
မုန်လိုင်ချက်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
သို့သော် KIA ဘက်က ယင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်က ပြုလုပ်ခြင်းဖြစ်ကြောင်း မီဒီယာအချို့အား ပြောဆိုထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်အနီး ခဲယမ်းသိုလှောင်ရုံတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တလိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံတွင်လည်းကောင်း အကြီးအကျယ်ပေါက်ကွဲပျက်စီးခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်ဟု နစကဘက်က ဆိုသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ယနေ့အချိန်ထိ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း နစကဘက်က ထပ်မံအသိပေးဖိတ်ခေါ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့စစ်ပွဲအတွင်း အစ္စရေးနိုင်ငံသား သေဆုံးမှု ပိုမိုများပြားနေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း