UEC က တီထွင်ထားသော မဲပေးစက်နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်မဲပေးနည်းစနစ်များကို ပြည်သူများအား ရှင်းလင်းပြသမည်
ပုံစာ - မဲပေးစက်နှင့်ပတ်သက်၍ ဝန်ထမ်းများအား ကိုယ်တိုင်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့စဉ်
မျိုးကြီး (NSS) - အောက်တိုဘာ ၁၁
ရွေးကောက်ပွဲကော်မရှင်(UEC)က တီထွင်ထားသော မဲပေးစက်နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်မဲပေးနည်းစနစ်များကို ပြည်သူများအား ရှင်းလင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(အောက်တိုဘာလ ၁၀ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမဲပေးနိုင်ရေးအတွက် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၌ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်မှစတင်ကာ မဲပေးစက်အသုံးပြု၍ မဲပေးပုံနည်းစနစ်များကို ရှင်းလင်းပြသခြင်း၊ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများအား ကိုယ်တိုင်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများကို မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မဲပေးပုံနည်းစနစ်များအား ရှင်းလင်းပြသသွားမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်းကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြို့နယ်အစည်းအဝေးခန်းမ၌ ယနေ့(အောက်တိုဘာလ ၁၁ ရက်)မှစတင်ကာ ၁၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဗ္ဗသီရိမြို့နယ်အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ၊ ဇေယျာသီရိမြို့နယ်၌ အောက်တိုဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ၊ တပ်ကုန်းမြို့နယ်၌ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ၊ ပျဉ်းမနားမြို့နယ်၌ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိ၊ ဒက္ခိဏသီရိမြို့နယ်၌ နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ အသီးသီးဆောင်ရွက်သွားမည်ဟု ကော်မရှင်က အသိပေးထားသည်။
ဆက်လက်ပြီး လယ်ဝေးမြို့နယ်၌ နိုဝင်ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၌ နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိလည်းကောင်း မဲပေးစက်စမ်းသပ်အသုံးပြုခြင်းနှင့်ပတ်သက်၍ ပြည်သူများကို ရှင်းလင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆိုပါနေ့ရက်များတွင် မဲပေးပုံ နည်းစနစ်များကို လာရောက်လေ့လာကာ ကိုယ်တိုင်လက်တွေ့မဲပေးခြင်းများကို ဆောင်ရွက်နိုင်သည်ဟု ကော်မရှင်ဘက်က ကြေညာထားသည်။
နစက၏ UEC က တီထွင်ထားသော မဲပေးစက်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများကိုလည်း ပြီးခဲ့သောကာလအတွင်း၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ရှင်းလင်းပြသမှုများ ပြုလုပ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-11 / 2:45 PM)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း