အစ္စရေး-ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကြား ပဋိပက္ခကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တတိယအဖွဲ့အစည်းများကို အမေရိကန်သတိပေး
Pika (NSS) - အောက်တိုဘာ ၉
ဂါဇာကမ်းမြောင်ဒေသတွင်ရှိသော ဟားမတ်စ်စစ်သွေးကြအဖွဲ့နှင့် အစ္စရေးတို့ကြားဖြစ်ပွားနေသော ပဋိပက္ခကို ကြားဝင်စွက်ဖက်ခြင်းမပြုရန် တတိယအဖွဲ့အစည်းများကို အမေရိကန်အစိုးရ ကသတိပေးခဲ့ကြောင်းသိရသည်။
အထူးသဖြင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာ စစ်သွေးကြွအုပ်စုထံ တိုးမြှင့်သတိပေးထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောဆိုခဲ့သည်။ အဆိုပါသတိပေးချက်၏ အဓိကရည်မှန်းချက်မှာ အစ္စရေးနိုင်ငံအနေဖြင့် ဟားမတ်စ်အကြမ်းဖက်အဖွဲ့အပြင် အခြားပြဿနာများကို မကြုံရစေရန်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က ရှင်းပြပြောဆိုခဲ့သည်။
အန်တိုနီဘလင်ကန်က "လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့အပါအဝင် အခြား တတိယအဖွဲ့အစည်းတွေဟာ ဒီပဋိပက္ခကို အခွင့်ကောင်းယူဖို့ ကြိုးစားတာမျိုးတွေမရှိအောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှလုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
အောက်တိုဘာလ(၈)ရက် အစောပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုသည် လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအဖွဲ့၏ လုပ်ဆောင်မှုများဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခဲ့သည်။ သို့သော်လည်း အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများရပ်တန့်သွားပုံပေါ်ကြောင်း အန်တိုနီဘလင်ကန်က မှတ်ချက်ပြုပြောဆိုခဲ့သည်။
၎င်းက "လက်ဘနွန်နိုင်ငံဘက်ကနေ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဒုံးကျည်နဲ့ပစ်ခတ်တာမျိုးတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဒီအချိန်အထိတော့ ဟစ်ဘိုလာ စစ်သွေးကြွအဖွဲ့ဘက်က ငြိမ်သက်နေပေမယ့် ကျွန်တော်တို့ ဂရုတစိုက်စောင့်ကြည့်နေပါတယ်။"ဟုပြောဆိုခဲ့သည်။
ဟားမတ်စ်စစ်သွေးကြအဖွဲ့သည် အောက်တိုဘာလ(၇)ရက်၊ နံနက်ပိုင်းတွင် အစ္စရေးကို ဒုံးကျည်ထောင်ချီဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်နှင့် ဟားမတ်စ်စစ်သွေးကြွအဖွဲ့များကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစ္စရေးနယ်မြေတွင်းသို့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့များ ဝင်ရောက်လာခဲ့ပြီး အစ္စရေးစစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အစ္စရေးစစ်သား သို့မဟုတ် အရပ်သားများ သတ်ခံရခြင်းနှင့် ပြန်ပေးဆွဲခံရခြင်းတို့ရှိခဲ့ကြောင်းသိရသည်။ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးစစ်တပ်ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိနှစ်ဘက်လုံးမှ သေဆုံးသူဦးရေသည် အနည်းဆုံးလူ(၆၀၀)ကျော်ထိရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်တွင်ကျင်းပမည့် ရုရှားရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ချေချင်းညာခေါင်းဆောင် အဆိုပြု
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း