စစ်ဖြစ်နေသည့် အစ္စရေးနိုင်ငံရောက် နိုင်ငံသားများနှင့်ပတ်သက်၍ နစက ကြေညာချက်ထုတ်ပြန်လိုက်ပြီး လိုအပ်ပါက ပြန်လည်ခေါ်ယူရန် စီစဉ်ထား
မျိုးကြီး (NSS) - အောက်တိုဘာ ၉
စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာလ ၉ ရက်)တွင် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
အစ္စရေးနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ၎င်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီးလိုအပ်ချက်မရှိပါက မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။
ထို့ပြင် တိုက်ပွဲအခြေအနေနှင့်ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေထိုင်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လာပါကလည်း မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားရန် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များကို National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့်ဆောင်ရွက်သွားရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထား သည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်လာပါက မြန်မာသံရုံးဖုန်း (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄၊ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇ တို့ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားသည်။
အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုး ဌာနခွဲ(နေပြည်တော်) Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄ ကိုလည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
လတ်တလော၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ (နေပြည် တော်)သို့ ယနေ့(အောက်တိုဘာလ ၉ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ထိ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်သွယ်အကူ အညီတောင်းခံခြင်းမျိုးမရှိသေးကြောင်း သိရသည်။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည်လည်း မြန်မာနိုင်ငံသားများအကျိုးအတွက် အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
“ကျွန်တော်တို့ လိုအပ်တဲ့ ဟာတွေတော့ စီမံထားပါတယ်။ evacuation တို့၊ ဘာတို့ပေါ့။ သံရုံးကလည်း ဟိုမှာ ရှိနေပါသေးတယ်။ သံရုံးမိသားစုဝင်တွေပေါ့။ သူတို့ကိုလည်း လိုအပ်တဲ့အကူအညီတွေ ပေးထားပါတယ်။ အခြေ အနေပေါ်မူတည်ပြီးတော့ ဆောင်ရွက်ရမှာပေါ့။ evacuation plan (ပြန်လည်ခေါ်ယူရေး အစီအစဉ်)တို့၊ ဘာတို့လည်း ကျွန်တော်တို့ လုပ်ထား တဲ့ အစီအမံတွေတော့ ရှိပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်အပါအဝင် အခြားသောကဏ္ဍများ၌ မြန်မာနိုင်ငံမှ နိုင်ငံသားများအနေဖြင့် ပြီးခဲ့သော ကာလများအတွင်း၌ သွားရောက်အလုပ်လုပ်ကိုင်နေမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် အစ္စရေးနှင့် ပါလက်စတန်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့တို့၏ စစ်ပွဲအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံသား (၁၂)ဦး သေဆုံးခဲ့ကြောင်း သိရပြီး ထိုင်းအစိုးရက ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို တိုက်ခိုက်ဖို့ ဟားမက်အဖွဲ့ကို အီရန်အစိုးရ ခွင့်ပြုပေးခဲ့ကြောင်း ကမ္ဘာကျော် Wall Street ဂျာနယ်ဖော်ပြ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း