ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ဖျက်သိမ်းထား
မျိုးကြီး (NSS) - အောက်တိုဘာ ၉
ပဲခူးမြို့၌ရေကြီးရေလျှံနေမှုကြောင့် ရန်ကုန်-မော်လမြိုင် နှင့် မန္တလေး ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်မှုများကြောင့် ပဲခူးမြို့၌ ယမန်နေ့(အောက်တိုဘာလ ၈ ရက်)မှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ပဲခူးဘူတာ နှင့် ရွှေလှဘူတာကြား အလျားပေ ၅၀၀ ခန့်ရှိ ရထားသံလမ်းပေါ်တွင်လည်း ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါရထားသံလမ်းပေါ်၌ ရေ(၁၈)လက်မခန့် ကျော်တက်ခဲ့သည့်အတွက် မော်လမြိုင် နှင့် မန္တလေးမြို့တို့ကို ထွက်ခွာလာသော ရထားနှစ်စင်းသည် ယမန်နေ့(အောက်တိုဘာလ ၈ ရက်)တွင် ပဲခူးမြို့နယ်အတွင်း ၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။
၎င်းရထားများပေါ်၌ လိုက်ပါလာသည့် ခရီးသည်ပေါင်း (၁၀၀၀)နီးပါးကို Express ကားများဖြင့် ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ရထားတွေ အခြေအနေက မနေ့က တစ်စီး ပိတ်မိသွားတယ်။ ပျဉ်ပုံကြီးကနေပြီးတော့မှ ကား(၅)စီးနဲ့ ရန်ကုန်ဘူတာကြီးကို ခရီးသည်တွေကို ပို့ပေး လိုက်ရတာပေါ့။ နောက် မော်လမြိုင်ရထားကလည်း ပိတ်မိသွားတယ်။ ခရီး သည် (၅၇၀)လောက်ပါတယ်။ ကလိဘူတာကနေ ရန်ကုန်ဘူတာကြီးကို ကား(၈)စီးနဲ့ ပို့ပေးလိုက်တယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အလားတူ ယနေ့(အောက်တိုဘာလ ၉ ရက်)တွင်လည်း ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို ဆက်လက်ဖျက်သိမ်းထားကြောင်း သိရသည်။
“မနေ့က ရထားခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရတယ်။ ဒီနေ့က တော့ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။ နောက်ဟိုဘက် ရန်ကုန်-မန္တလေးရထားတွေလည်း ဒီအတိုင်းပဲ ဖျက်သိမ်းလိုက်တယ်။ ရေအခြေအနေကတော့ မနက် ၆ နာရီမှာတိုင်းတာတော့ သံလမ်းအထက် (၁၈)လက်မ ရှိနေသေးတယ်။ ရေကမကျသေးဘူးပေါ့။ ရေကျသွားရင်တော့ လမ်းပိုင်းကြံ့ခိုင်ရေးတွေကို ပြန်စစ်မယ်။ အဲဒီတော့မှာပဲ ပြန်ဆွဲနိုင်မယ်။ မဆွဲနိုင်မယ့်တော့ ပြောလို့မရသေးဘူး” ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူက ထပ်မံပြောသည်။
အဆိုပါရထားခရီးစဉ်များအား ရေပြန်ကျသွားမှသာ ရထားလမ်းပိုင်းများ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီးနောက် ပြန်လည်ပြေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူ ၁၁ဝဝ ကျော်အထိ မြင့်တက်လာသလို အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၁ဝဝ ကျော် ဖမ်းဆီးခံထားရ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း