အစ္စရေးနဲ့ ဟားမက်စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူ ၁၁ဝဝ ကျော်အထိ မြင့်တက်လာသလို အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၁ဝဝ ကျော် ဖမ်းဆီးခံထားရ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၉
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်လာခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းအထိ နှစ်ဖက် လူပေါင်း ၁၁ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အစ္စရေး-အာရပ်စစ်ပွဲနောက်ပိုင်း အဆိုးရွားဆုံး ထိခိုက်ဆုံးရှုံးမှု တွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးခဲ့သူ ၁၁ဝဝ ကျော်အနက် အစ္စရေးနိုင်ငံသား ၇ဝဝ ကျော် သေဆုံးထားပြီး ပါလက်စတိုင်းလူမျိုး ၄၁၃ ဦး သေဆုံးထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဟားမက်စ်ဟာ အောက်တိုဘာ ၇ ရက်မှာ ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးကို ရော့ကဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ် ခဲ့သလို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံအပေါ် ထိုးစစ်ဆင် မှုနှင့်အတူ အစ္စရေးစစ်သားတွေ အပါအဝင် အစ္စရေးနိုင်ငံသား ၁ဝဝ ကျော်ကို ဓါးစာခံအဖြစ် ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကတော့ ဟားမက်စ်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန်ကြာပြီး ခက်ခဲမယ့် စစ်ပွဲဖြစ်တဲ့အတွက် အစ္စရေးနိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့် ရှိသူက ပါလက်စတိုင်းတွေနေထိုင်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
မွတ်စလင်နိုင်ငံအများစုကတော့ အစ္စရေးနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ထားသလို အိန္ဒိယနိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံတွေကတော့ ဟားမက်စ်ကို ဝေဖန်ပြစ်တင်ထားပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်အခွင့်အရေး ရှိတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက ထောက်ခံပြောဆိုထားပါတယ်။ ဟားမက်စ်အဖွဲ့အပြင် လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်တွေ၊ အမြှောက်တွေ နဲ့ အောက်တိုဘာ ၈ ရက်က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (12:00 PM)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း