ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဂျပန်အစိုးရ ကြေညာ
Pika (NSS) - အောက်တိုဘာ ၅
ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများအား ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို အောက်တိုဘာလ(၅)ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရေဒီယိုသတ္တိကြွရေဆိုးများအား ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို အောက်တိုဘာလ (၅)ရက် နံနက်(၁ဝ)နာရီ၊ (၁၈)မိနစ်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း TEPCO ပြောရေးဆိုခွင့်ရှိသူအမျိုးသားက ပြောကြားခဲ့သည်။ ဂျပန်အစိုးရသည် ရေဒီယိုသတ္တိကြွရေဆိုးစွန့်ပစ်မှုကို ပြီးခဲ့သည့် ဩဂုတ်လတွင် စတင်လုပ်ဆောင်ခဲ့ပြီး တရုတ် နှင့် အခြားနိုင်ငံများက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ဩဂုတ်လ(၂၄)ရက်တွင် ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုး တန်ချိန်ပေါင်း (၁ ဒသမ ၃၄) သန်းကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရသည် ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုတွင် ရေဒီယိုသတ္တိကြွရေဆိုး တန်ချိန်ပေါင်း(၇၈ဝဝ) ကို စွန့်ပစ်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ဂျပန်အစိုးရက ရေဒီယိုသတ္တိကြွရေဆိုးစွန့်ပစ်မှုကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံထံမှ ပင်လယ်စာတင်သွင်းမှုကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဂျပန်နှင့်ဆက်ဆံရေး အေးခဲနေသော ရုရှားနိုင်ငံကလည်း ပင်လယ်စာတင်သွင်းမှုကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း သိရသည်။ ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးစွန့်ပစ်မှုမှာ ဘေးကင်းကြောင်း TEPCO က ပြောဆိုခဲ့ပြီး အဆိုပါပြောဆိုချက်ကို ကုလသမဂ္ဂအဏုမြူအေဂျင်စီကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်တွင် တိုက်ခတ်ခဲ့သော ဆူနာမီကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှာ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်သည့် ရေဒီယိုသတ္တိကြွရေဆိုးစွ့န်ပစ်မှု၏ အဓိက ရည်ရွယ်ချက်မှာ အန္တရာယ်ရှိသော ရေဒီယိုသတ္တိကြွလောင်စာဆီများ နှင့် ပြိုကျပျက်စီးနေသော ဓါတ်ပေါင်းဖိုများမှ အပျက်အစီးများကို ရှင်းလင်းနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်နယ်စပ်တွင် ပြည်ဝင်ခွင့်ရရှိရန် လာရောက်စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားဦးရေ(၅၀၀၀)ကျော်ထိရှိနေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း