(၈)လအတွင်း ကျပ်ဘီလျံ(၆၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပတ်သက်ကျူးလွန်သူ(၆၀၀၀)နီးပါးကို ဖမ်းဆီးအရေးယူထား
စော(NSS) - အောက်တိုဘာ ၂
လက်ရှိ ၂၀၂၃ ခုနှစ်၊ (၈)လတာကာလအတွင်း၌ ငွေကျပ် ဘီလျံ(၆၀၀)ကျော်တန် မူးယစ်ဆေးဝါးများနှင့်အတူ ပတ်သက်ကျူးလွန်သူ(၆၀၀၀)နီးပါးကို ဖမ်းဆီးအရေးယူထားကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် (၂၀၂၃)ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်တင်သွင်းမှုကို တားဆီးနိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39”ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ ဩဂုတ်လ (၃၁)ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် အမှုပေါင်း(၄၃၈၀)ရှိခဲ့ပြီး ပတ်သက်ကျူးလွန်သူပေါင်း(၅၉၇၄)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့သို့ဖမ်းဆီးရမိမှုတွင် ငွေကျပ် (၆၂၃)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဖမ်းဆီးမှုတွေကတော့ တိုးတက်လာတယ်။ ဒါကလည်း စီမံချက်တွေချပြီးတော့မှ သေသေ ချာချာဆောင်ရွက်တာတွေ ရှိတာပေါ့။ အဓိကတော့ x-ray စက်တွေပေါ်လာတာလည်း အားသာချက်တွေရှိတာပေါ့။ ဖြတ်သန်းရင်းနဲ့ အဲဒီမှာ အများကြီးမိတယ်”ဟု မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက NSS ကို မှတ်ချက်ပြုပြောကြားသည်။
ပြီးခဲ့သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ငွေကျပ် (၉၃၆ ဒသမ ၇၂၃)ဘီလျံ (အမေရိကန်ဒေါ်လာအားဖြင့် ၄၄၆ ဒသမ ၀၅၈ သန်း)တန်ဖိုးရှိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း(၁၀၈)မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ်အားလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေဟု UNOCHA ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ