ရုရှားကြေးစားတပ်ဖွဲ့ Wagner မှ တပ်သားများ ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်းစစ်ဖက်ပြော
Pika (NSS) - စက်တင်ဘာ ၂၉
ရုရှားသမ္မတပူတင်သည် Wagner အဖွဲ့မှ တပ်သားများကို ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်တွင် မည်သို့ အသုံးပြုမည်ဆိုသည့်အချက်ကို ဆွေးနွေးရန်အတွက် Wagner အဖွဲ့ထိပ်တန်းတပ်မှူးဟောင်း Andrei Troshev နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှားကြေးစားတပ်ဖွဲ့ Wagner မှ စစ်သားဟောင်းများသည် Artyomovsk မြို့အနီးရှိ ရှေ့တန်းစစ်မြေ မျက်နှာပြင်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်းတပ်မှူးများ၏ ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်မေလတွင် ရုရှားကြေးစားတပ်ဖွဲ့ Wagner သည် ရှေ့တန်းမှ တပ်သားများကို ရုတ်သိမ်းပြီးနောက် မကြာမီ ပုန်ကန်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရုရှားကြေးစားတပ်ဖွဲ့ Wagner မှ တပ်ဖွဲ့ဝင်ဟောင်းများသည် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနသို့မဟုတ် ၎င်းနှင့်ဆက်စပ်သောကိစ္စများတွင် အလုပ်ပြန်လုပ်ပေးနေပြီဖြစ်ပြီး ရှေ့တန်းရှိ ရုရှားတပ်မ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြကြောင်း ယူကရိန်းအရှေ့ပိုင်းတပ်ဖွဲ့များ၏ ဆက်သွယ်ရေး လက်ထောက်တပ်မှူး Sergey Cherevaty က ပြောကြားခဲ့သည်။
၎င်းက "အရှေ့ပိုင်း ရှေ့တန်းစစ်မြေမျက်နှာပြင်မှာရှိတဲ့ မတူညီတဲ့ဧရိယာတွေမှာ Wagner မှ တပ်ဖွဲ့ဝင်ဟောင်းတွေ ပြန်လည်ရောက်ရှိနေပါပြီ" ဟု ပြောခဲ့သည်။
Artyomovsk မြို့အနီးရှိ ယူကရိန်းဒရုန်းအော်ပရေတာတစ်ဦးက "Wagner တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းကို ပြန်လည်ရောက်ရှိနေပါပြီ။ Wagnerအဖွဲ့ဟာ တပ်မှူးတွေကို ပြောင်းလဲခဲ့ပြီး ရှေ့တန်းစစ်မြေမျက်နှာပြင်ကို ပြန်လည်ရောက်ရှိလာတာပါ" ဟု ပြောခဲ့သည်။
Wagner အဖွဲ့သည် ပြီးခဲ့သည့်မေလနှောင်းပိုင်းတွင် ရုရှားတပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သော Donbass ဒေသ အဓိက နယ်မြေတစ်ခုဖြစ်သည့် Artyomovsk မြို့ကို သိမ်းယူရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ဟောင်း ပရီဂိုဇင်သည် ရှေ့တန်းမှ ၎င်း၏ တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး Wagner တပ်ဖွဲ့များ သိမ်းယူထားသော နယ်မြေများကို ရုရှားစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါနှုတ်ထွက်မှုကြောင့် ပရီဂိုဇင်နှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကြား တင်းမာမှုများ ရှိခဲ့ကြောင်းသိရသည်။
ထို့နောက် Wagner အဖွဲ့သည် ပုန်ကန်မှုများကို လုပ်ဆောင်ခဲ့သော်လည်း ဘီလာရုစ်သမ္မတလူကာရှန်ကို၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် ပုန်ကန်မှုအဆုံးသတ်သွားခဲ့ကြောင်း သိရသည်။ ရလဒ်အနေဖြင့် ရုရှားသမ္မတပူတင် သည် Wagner အဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် အလုပ်တွဲလုပ်ရန်အတွက် စာချုပ်ချုပ်ဆိုရန် (သို့မဟုတ်) ဘီလာရုစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
Wagner ခေါင်းဆောင်ဟောင်းပရီဂိုဇင်သည် ပြီးခဲ့သည့်ဩဂုတ်လက ရုရှားနိုင်ငံ Tver ဒေသတွင် လေယာဉ်ပျက်ကျ မှုအတွင်း သေဆုံးခဲ့ရသည်။ ပရီဂိုဇင်သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေ ပြီး လေယာဉ်ပျက်ကျမှုသည် ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်ဆိုသည့် ဖြစ်နိုင်ချေများကို ထည့်သွင်းစဉ်းစားသွား မည်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့် အပါအဝင် မြို့နယ် (၁ဝ)ခု မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း