NCA (၈) နှစ်ပြည့်ပွဲတက်ရောက်ရန် တိုင်းရင်းသားခေါင်းဆောင်အားလုံးကို ဖိတ်ကြားထား၊ အမုန်းတရားများဖြင့် လုပ်ကိုင်နေပါက တိုင်းပြည်နစ်နာရန်သာရှိဟု တပ်ချုပ်ပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၂၉
NCA (၈) နှစ်ပြည့်ပွဲသို့ တက်ရောက်ရန် တိုင်းရင်းသားခေါင်းဆောင်အားလုံးကို ဖိတ်ကြားထားပြီး အမုန်းတရားများဖြင့် လုပ်ကိုင်နေပါက တိုင်းပြည်နစ်နာရန်သာရှိကြောင်း တပ်ချုပ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(စက်တင်ဘာ ၂၈ ရက်) တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာ ၁၅ ရက်သည် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် (၈)နှစ်မြောက်နေ့ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“ဒါကို နိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်း အခုဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန် စာတွေရေးပြီး ဖိတ်ပါ တယ်။ တစ်ချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့ကလည်း စာနဲ့ရေးပြီး ဖိတ်တာတွေရှိတယ်။ တချို့လာနိုင်တယ် လို့လည်း ပြောတာရှိတယ်။ တချို့ကတော့သူလည်းမလာနိုင်ဘူး။ သို့သော်လည်း အဓိကကျတဲ့ သူတို့ ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာ တွေရှိပါတယ်” ဟု ၎င်းက ပြောသည်။
နေပြည်တော်တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားသို့ လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန် လိုအပ်ကြောင်းနှင့် လက်မှတ်မရေးထိုးသေးသည့် အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေး လိုချင်ပါက တက်ရောက်နိုင်သည်ဟု တပ်ချုပ်က ဆိုသည်။
၎င်းအခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်ပနိုင်ငံများကို ဖိတ်ကြားထားပြီး တက်ရောက်မည်ဟု ပြန်လည်အကြောင်းပြန်ထားမှုများလည်း ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ပြည်ပနိုင်ငံတွေက ဒီလိုသဘောထား ရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့ စိတ်ရှိဖို့ လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့ လိုပါတယ်။ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီး တော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ။ ရှေ့ကို သွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များစွာရှိသည့်အနက် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့မှာ (၁ဝ)ဖွဲ့ရှိကြောင်း သိရသည်။
လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသော RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA-PC၊ NMSP နှင့် LDU လက်နက်ကိုင်(၇)ဖွဲ့သည် နစကအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည်။
ထို့ပြင် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် UWSP၊ NDAA နှင့် SSPP လက်နက်ကိုင်(၃)ဖွဲ့သည်လည်း နစက အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေလျက်ရှိသည်။
သို့သော် NCA လက်မှတ်ရေးထိုးထားသည့် KNU၊ CNF နှင့် ABSDF လက်နက်ကိုင်အဖွဲ့တို့အပြင် TNLA၊ KIA လက်နက်ကိုင်အဖွဲ့တို့သည်လည်း လတ်တလောကာလ၌ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-ပဲခူးခရီးသည်တင်ကားတစ်စီးက Gas ဖြည့်ရန်စောင့်ဆိုင်းနေသည့် ယာဉ်မောင်းကို ဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း