ဆည် တည်ဆောက်ရေးနှင့်ပတ်သက်ပြီး အီသီယိုးပီးယား၊ အီဂျစ် နှင့် ဆူဒန်နိုင်ငံတို့ကြား သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်
Pika (NSS) - စက်တင်ဘာ ၂၆
အီသီယိုးပီးယား၊ အီဂျစ် နှင့် ဆူဒန်နိုင်ငံတို့သည် Blue Nile မြစ်ပေါ်တွင် တည်ဆောက်နေသော ဆည်တစ်ခုနှင့် ပတ်သက်ပြီး ကာလရှည်ကြာသဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တွင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း တိုးတက်မှုများ မရှိခဲ့ကြောင်း သိရသည်။
Blue Nile မြစ်ပေါ်တွင် ဆည်တည်ဆောက်မှုသည် ရေပေးဝေမှုများအပေါ် ထိခိုက်မှုများရှိလာနိုင်ချေနှင့်ပတ်သက် ပြီး အီဂျစ်နှင့် ဆူဒန်နိုင်ငံတို့က စိုးရိမ်နေကြောင်းလည်း သိရသည်။ ၂ဝ၁၁ ခုနှစ်ကတည်းက ဆောက်လုပ်ဆဲဖြစ် သော Grand Ethiopian Renaissance ဆည်ကို လျှပ်စစ်ဓါတ်အား(၅ ဒသမ ၁၅) ဂီဂါဝပ် ထုတ်ပေးနိုင်ရန် မျှော်လင့်ထားပြီး တည်ဆောက်ပြီးပါက အာဖရိကတိုက်တွင် အကြီးမားဆုံး ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် Grand Ethiopian Renaissance ဆည်သည် လျှပ်စစ်ဓါတ်အားကို ပထမဆုံး ထုတ်လုပ်ခဲ့ပြီး တစ်ရက်လျှင်(၃၇၅)မဂ္ဂါဝပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။ အီဂျစ်နိုင်ငံသည် ၎င်း၏ ရေအရင်း အမြစ်များ၊ အီသီယိုးပီးယား နှင့် ဆူဒန်နိုင်ငံတို့၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန်အတွက် တရားမျှတသော သဘောတူညီချက်များကို ရှာဖွေနေကြောင်း အီဂျစ်၏ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Hani Sewilam က ပြောကြားခဲ့သည်။
အီသီယိုးပီးယား၊ အီဂျစ် နှင့် ဆူဒန်နိုင်ငံတို့သည် ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများ ကိုဖြေရှင်းရန်အတွက် အပြုသဘောဆောင်သော အကြံညဏ်များကို ဖလှယ်ခဲ့ကြကြောင်း အီသီယိုးပီးယား စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် သံအမတ် Seleshi Bekele က ပြောကြားခဲ့သည်။
၎င်းက "Grand Ethiopian Renaissance ဆည်တည်ဆောက်မှုအတွက် နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ သုံးနိုင်ငံကြား ဆွေးနွေးမှုဟာ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ဟာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့အတွက် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲတွေကို အကောင်းဆုံးဆက်လက်လုပ်ဆောင်ဖို့ အီသီယိုးပီးယားအစိုးရက ကတိပြုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ဆည်နှင့်ပတ်သက်သည့် နောက်ဆုံးအကြိမ်ဆွေးနွေးမှုမှာ သိသိသာသာတိုးတက်ပြောင်းလဲမှုများ မရှိဘဲ ပြီးဆုံးသွားကြောင်း အီဂျစ်ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဆည် တည်ဆောက်မှုနှင့်ပတ်သက်ပြီး ယခုနှစ်ကုန်ပိုင်းတွင် သဘောတူညီမှုများရရှိနိုင်ရန် မျှော်လင့်ထားကြောင်း သုံးနိုင်ငံလုံးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆဲလ်ဖုန်းများ၏ ဓါတ်ရောင်ခြည်ထွက်ရှိမှုများက လူများ၏ကျန်းမာရေးကို ထိခိုက်စေကြောင်း ရုရှားအေဂျင်စီတစ်ခုပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ