၂ဝ၂၆ ခုနှစ်တွင် မြန်မာအစား ဖိလစ်ပိုင်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦး ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆
၂ဝ၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရမည့် မြန်မာနိုင်ငံနေရာတွင် ဖိလစ်ပိုင်နိုင်ငံကို အစားထိုးခဲ့ခြင်းနှင့်ပတ်သက်ပြီး နောက်ကွယ်ကအကြောင်းအရင်းများကို ကျွမ်းကျင်ပညာရှင်များ သုံးသပ်ပြောဆို လိုက်ကြောင်း အင်ဒိုနီးရှားအခြေစိုက်သတင်းတွင် ဖော်ပြထားသည်။
National Development University (UPN) တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ကထိက တစ်ဦး ဖြစ်သူ Yogyakarta Veteran Hestutomo Restu Kuncoro က ၂ဝ၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် နိုင်ငံအပြောင်းအလဲဖြစ်သွားရခြင်းတွင် အဓိကအကြောင်းအရင်းနှစ်ခု ရှိနေကြောင်း ပြောသည်။
၎င်းက "အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ အစားထိုးလိုက်ရတာ အဓိကအကြောင်းနှစ်ချက်ရှိနေပါတယ်။ မြေပြင် လုံခြုံရေး နဲ့ နိုင်ငံရေးအခြေအနေများကြောင့် အစားထိုးလိုက်ရတာမျိုးဖြစ်ပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်နေဆဲဖြစ်သည့်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်တွင် လုံခြုံရေးအခြေအနေများက အာဆီယံအစည်းအဝေးများကို ကျင်းပနိုင်ရန် ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
၎င်းက "မြန်မာနိုင်ငံကိုယ်တိုင်က ဒီကိစ္စကို အတည်ပြုပြောဆိုခဲ့တယ်။ ဒါပေမယ့် ဘာကြောင့် အစားထိုးခွင့်ပေးလိုက်ရသလဲဆိုတာကို အတိအကျပြောဆိုတာမျိုးမရှိဘူး" ဟု ပြောသည်။
ထို့အပြင် ၎င်းက မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်သွားခြင်းမျိုး မရှိနိုင်ကြောင်း ပြောသည်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ကထိက တစ်ဦးဖြစ်သူ Hestutomo က "အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်က ထွက်ဖို့ဆိုတာ လွယ်ကူတဲ့အရာမျိုးတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ တွေ့ကြုံသလိုမျိုး နိုင်ငံရေးပဋိပက္ခတွေဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ ရဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်မှုကို သက်ရောက်မှုမရှိခဲ့ဘူး။ ထိုင်းနိုင်ငံမှာ စစ်အစိုးရက နှစ်ပေါင်းများစွာ ကြာ အုပ်ချုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေတာကို သက်ရောက်မှုမရှိခဲ့ပါဘူး" ဟု ပြောသည်။
ပြီးခဲ့သော စက်တင်ဘာလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယ၊ တရုတ်တို့ ပူးပေါင်းပါဝင်တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း