ကျောင်းသားများအား နေအိမ်သို့ပြန်ပို့စဥ် တောင်ကျရေများကျဆင်းမှုကြောင့် ဆရာမတစ်ဦး ရေစီးဖြင့်မျောပါသေဆုံးမှု ရေနံချောင်းမြို့နယ်တွင်ဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၁၃
ရေနံချောင်းမြို့နယ်တွင် အလယ်တန်းပြ ဆရာမတစ်ဦး ရေစီးဖြင့်မျောပါ၍ သေဆုံးသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်၊ ညနေ(၅)နာရီအချိန်ခန့်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်တွင်နေထိုင်သော ဆရာမ ဒေါ်မြင့်မြင့်စန်း(၅၂)နှစ်သည် ၎င်း၏နေအိမ်တွင် စာလာသင်သော ကျောင်းသား(၃)ဦးအား နေအိမ်သို့ ပြန်ပို့စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်ပို့ရာ ချောင်းရိုးအားဖြတ်ကူးစဉ် တောင်ကျချောင်းရေများကျလာသဖြင့် ၎င်းတို့သည် ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း သိရသည်။
"သူက မျောပါလာကတည်းက အသက်တော့ပါမလာဘူး။ ဖြစ်စဉ်ကြားရတာတော့ သူကချောင်းရိုးကို ဖြတ်ကူးတာပေါ့၊ ချောင်းရိုးဆိုတာက ရေရှိနေတဲ့ချောင်းမဟုတ်ဘူး။ တောင်ကျရေသဘောမျိုးပေါ့။ ရိုးရိုးသာမာန် ဆိုရင်တော့ သဲပြင်ပေါ့။ သဲပြင်ကို ဖြတ်ကူးတဲ့အခါ ချောင်းရေက ရုတ်တရက်ကျပြီး ဖြတ်ကူးဖို့မလွတ်တဲ့အခါ ချောင်းရေနဲ့ မျောပါသွားတာ"ဟု ရေနံချောင်း မီးသတ်စခန်း၏ တာဝန်ရှိသူမှ ဆက်လက်ပြောသည်။
ဖြစ်စဉ်ကြောင့် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်စန်းသည် ရေစီးဖြင့်မျောပါ၍ သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူပါလာသော ကလေး(၃)ဦးသည် အနီးရှိ ဒိုက်ပေါ်တွင် အသက်ရှင်လျက်တင်ကျန်နေခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အ.ထ.က လယ်ပေါ်ကျောင်း၌ တာဝန်ထမ်းဆောင်နေသူ အလယ်တန်းပြဆရာမဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား ရေနံချောင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာနိုင်သည့် အခွင့်အရေးရရှိမည့် အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်ရန် သံရုံးမှ ဖိတ်ခေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ