တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်ပတ်သက်၍ မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံအကြား စစ်ဆင်ရေးကို မဲဆောက်မြို့၌ ပြုလုပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီးဆို
မျိုးကြီး (NSS) - စက်တင်ဘာ ၁၂
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်ပတ်သက်၍ မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံအကြား စစ်ဆင်ရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အခြေပြုဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယမန်နေ့(စက်တင်ဘာလ ၁၁ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အွန်လိုင်းကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို ရင်ဆိုင်ကြုံ တွေ့နေရပြီး အခြားနိုင်ငံသားများသည်လည်း ၎င်းဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရေး အလေးအနက်ထားဆောင်ရွက်ရန် လိုအပ်နေသည်ဟု ၎င်းကပြောသည်။
ထို့ပြင် နိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကာ အခက်အခဲမျိုးစုံကြုံတွေ့နေရသည့် နိုင်ငံခြားသားများကိုလည်း ကယ်တင်၍သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အင်တာပိုလ်(INTERPOL)နှင့် အာဖရိကရဲအဖွဲ့(AFRIPOL)တို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
အလားတူ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်ပတ်သက်၍ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် သဘောတူညီမှုများအရ မြန်မာ-တရုတ်- ထိုင်း (၃)နိုင်ငံအကြားစစ်ဆင်ရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အခြေပြုဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် အွန်လိုင်းငွေကြေးလိမ်လည်သည့်လုပ်ငန်း(Online Scam) လုပ်ကိုင်နေမှုများကို စစ်ဆေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
လူကုန်ကူးမှုများနှင့်ပတ်သက်၍ လာမည့် ၂၀၂၄ ခုနှစ်လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းမည့်နည်းလမ်းများကို ထည့်သွင်းရေးဆွဲသွားရန်လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား Mir ငွေပေးချေမှုကတ်ကို လာမယ့်အောက်တိုဘာလအတွင်း စတင်အသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာကံဇော်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ