တရုတ်နှင့်အိန္ဒိယ ကမ္ဘာလှည့်ခရီးသွားများကို မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာဖြင့် စတင်လည်ပတ်ခွင့်ပြုထားဟု နစက ကြေညာ
မျိုးကြီး (NSS) - စက်တင်ဘာ ၁၂
တရုတ်နိုင်ငံသား နှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများကို မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)ဖြင့် စတင်လည်ပတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ် နှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာ့လှည့်)ကို ခွင့်ပြုသည့်ရက်မှစတင်၍ စမ်းသပ်ကာလ(၁)နှစ်သတ်မှတ်ကာ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြောသည်။
“ဟုတ်ပါတယ်။ အခုနှစ် သြဂုတ်လ ၃၀ ရက်ကနေ နောက်နှစ် ၂၀၂၄ သြဂုတ်အထိ တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံ သား ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာနဲ့ ဝင်ထွက်ခွင့်ပြုထားပါတယ်။ အဲဒါကိုလည်း ကြေညာထားပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်နီးစပ်သော အရာရှိတစ်ဦးက NSS ကို ပြောသည်။
တရုတ်နှင့်အိန္ဒိယနိုင်ငံသား ခရီးသွားများသည် လေဆိပ်များသို့ရောက်ရှိလာပါက ဆိုက်ရောက်ဗီဇာလျှောက်လွှာကို အခမဲ့ရယူကာ သတ်မှတ်ဓါတ်ပုံအရွယ်အစား(၂)ပုံနှင့်အတူ လျှောက်လွှာပုံစံကို ဖြည့်သွင်းရမည်ဟု အထက်ပါဦးစီးဌာနက အသိပေးထားသည်။
ထို့ပြင် ဆိုက်ရောက်ဗီဇာအခကြေးငွေကို အမေရိကန်ဒေါ်လာဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး အလည်အပတ်ဝင်ရောက်ခြင်းဖြစ်သည့်အတွက် ကမ္ဘာလှည့်ဗီဇာ(Tourist Visa)တစ်မျိုးတည်းကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့လာရောက်မည့် တရုတ်နှင့်အိန္ဒိယနိုင်ငံသား ခရီးသွားများအနေဖြင့် နိုင်ငံကူးလက်မှတ်၏ သက်တမ်းသည် အနည်းဆုံး(၆)လရှိရန်လိုအပ်ပြီး (၆)လအောက်ဖြစ်ပါက ပြည်ဝင်ခွင့်မပြုဘဲ ခရီးသည်လိုက်ပါလာသည့်လေကြောင်းလိုင်းဖြင့် ပြန်လည်တင်ပို့ခြင်းခံရမည်ဟု နစကဘက်က အသိပေးထားသည်။
အလားတူ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာမည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး လုံခြုံရေးအရ တားမြစ်ထားသော နယ်မြေမှအပ နိုင်ငံခြားသားများသွားလာခွင့်ရှိသည့်နေရာများကို လွတ်လပ်စွာသွားလာနိုင်ကြောင်း သတိပေးထားသည်။
ထို့ပြင် လေဆိပ်များမှတစ်ဆင့် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသော တရုတ်နှင့်အိန္ဒိယနိုင်ငံသားတို့သည် မည်သည့် အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်များမှမဆို ပြန်လည်ထွက်ခွာနိုင်ကြောင်းလည်း နစကမှ ကြေညာထားသည်။
မကြာခင်အချိန်တွင် တရုတ်နိုင်ငံသားခရီးသွားများ လာရောက်ဖွယ်ရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် နစကမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသိပေးပြောကြားခဲ့ဖူးသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများသည် ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး မကြာခင်အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရန် မျှော်လင့်လျက်ရှိကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သုံးဆယ်မြို့၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ