၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံအား သဘောထားမေးမြန်းညှိနှိုင်းကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ဟု နစကဖြေရှင်း
ပုံစာ - မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂ဝ၁၄ ခုနှစ်က ရယူခဲ့စဉ်
မျိုးကြီး (NSS) - စက်တင်ဘာ ၉
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံအား သဘောထားမေးမြန်းညှိနှိုင်းကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ပြန်လည်ဖြေရှင်းထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(စက်တင်ဘာလ ၉ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်သည်။
အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည် အက္ခရာစဉ်အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ တာဝန်ယူရမည်ဟုဖော်ပြထားပြီး ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ရယူရန်အတွက် အချိန်အနည်းဆုံး(၂)နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြကြောင်း နစကမှ အသိပေးထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ နိုင်ငံတော်ကို တည်ဆောက်နေသည့် ကာလဖြစ်သည့်အတွက် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေမှုရှိ၊ မရှိကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံ စာပေးပို့ကာ သဘောထားမေးမြန်းခဲ့သည်ဟု နစကမှ ပြောသည်။
အလားတူ ဖိလစ်ပိုင်နိုင်ငံဘက်ကလည်း ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေကြောင်းနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနှင့် ကျန်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားမည်ဖြစ်ကြောင်း တရားဝင်အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
(၄၃)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းဝေးတွင် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြပြီး အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု နစကမှ အသိပေးထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ သဘောထားမေးမြန်းညှိနှိုင်းမှုပြုလုပ်ခဲ့ကာ အခြားအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဖြေရှင်းထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သော ၂၀၀၆ ခုနှစ်တွင်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အလှည့်ကျခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံအတွင်း၌ ရွေးကောက်ပွဲကျင်းပရန်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများဖြစ်သော မလေးရှားနှင့် လာအိုနိုင်ငံတို့၏ သဘောတူညီချက်ဖြင့် ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ ခုနှစ်တွင် လွှဲပြောင်းကာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း နစကမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း(၆၀၀)တန် လုံခြုံရေးဆိုင်ရာအကူအညီသစ်များ ထောက်ပံ့မယ်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း