ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသော မြန်မာနိုင်ငံ၏ ရည်မှန်းချက်အပေါ် ထောက်ခံအားပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
မျိုးကြီး (NSS) - သြဂုတ် ၂၅
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသော မြန်မာနိုင်ငံ၏ ရည်မှန်းချက်အပေါ် ထောက်ခံအားပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
သြဂုတ် ၂၄ ရက်တွင် ကျရောက်သော မြန်မာ-ထိုင်းတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅) နှစ်ပြည့်နေ့၌ နှစ်နိုင်ငံဝန်ကြီးချုပ်(၂)ဦးတို့က အပြန်အလှန်ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်ထံသို့ပေးပို့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ သဝဏ်လွှာ၌ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းစေရန် လုပ်ဆောင်မည့် ကတိကဝတ်သည်လည်း မယိမ်းမယိုင်တည်ရှိနေမည်ဟု ပါးထားသည်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်အပေါ် ထိုင်းနိုင်ငံ အနေဖြင့် ခိုင်မာစွာထောက်ခံအားပေးသွားမည်ဟု ထပ်လောင်းအတည်ပြုလိုကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပါးထားသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ၏ အပြန်အလှန်ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် တိုးတက်မှုများ ရှေ့ဆက်ဖော်ဆောင်သွားနိုင်ရန်အတွက် လမ်းပြပေးသွားနိုင်မည်ဟု ခိုင်မာယုံကြည်ထားကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထိုင်းဝန်ကြီးချုပ်ထံ သဝဏ်လွှာပေးပို့ရာ၌ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး၊ ပြည်သူအချင်းချင်းအပြန်အလှန်ထိတွေ့ဆက်ဆံမှု အပါအဝင် ကဏ္ဍစုံ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုကာ သဝဏ်လွှာပါးထားသည်။
ထို့ပြင် မြန်မာ-ထိုင်းနိုင်ငံအကြား သံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်နေ့၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းတို့အကြားတွင်လည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို အပြန်အလှန်ပေးပို့ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်က ဦးဆောင်ကာ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဖူးသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းသည်လည်း နေပြည်တော်၌ အကျဉ်းကျနေသော ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရှိထားပြီး မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်းအား အသုံးပြုရန် တိုက်တွန်းထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာပေါ်ရှိ သမ္မတ၊ ဝန်ကြီးချုပ်များထဲမှာ ဒုတိယအရပ်အမြင့်ဆုံးခေါင်းဆောင်အဖြစ် ထိုင်းဝန်ကြီးချုပ်အသစ် သတ်မှတ်ခံရ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ