မန္တလေးတိုင်း၌ လူပုဂ္ဂိုလ်(၃)ဦး အပါအဝင် ငွေကျပ်(၂)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
NSS - သြဂုတ် ၂၂
မန္တလေးတိုင်းတွင် ငွေကျပ်(၂ ဒသမ ၉၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ သြဂုတ်လ(၂၁)ရက်တွင် အထက်ပါကဲ့သို့ အသိ ပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ(၁၇)ရက်၊ နံနက်(၁၁)နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့က မန္တလေး တိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၅၂)လမ်းနှင့် (၁၁၁)စီ လမ်းထောင့်ရှိ ဇော်မိုးလွင်(ခ)လာရွတ်ဆန်ငှာ၏နေအိမ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ အဆိုပါနေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို အပါအဝင် ဘိန်းဖြူ (၁၂၀)ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂) တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ နေ့လည်(၁)နာရီခွဲအချိန်တွင် သိမ်းဆည်းရမိထားသော မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ၏ပိုင်ရှင် အောင်သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် သတင်းကွင်းဆက်အရ ညနေ(၄)နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ (၇၆) လမ်းနှင့် (၂၇) အေ လမ်းထောင့်ရှိ နန္ဒကို(ခ)နန္ဒ၏ နေအိမ်ကိုရှာဖွေရာ ၎င်းအား စိတ်ကြွရူးသွပ်ဆေးပြား (၉ ဒသမ ၆၁၂) သိန်း၊ ဘိန်းဖြူ (၂၇၀) ဂရမ်နှင့် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ဖမ်းဆီးမှုများအရ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် (၂ ဒသမ ၉၅)ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ (၃)ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိပြီး အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက် လက် အရေးယူသွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ အမြန်ဆုံးပြန်လည် ပြင်ဆင်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ