ရုရှားကြေးစားတပ်ဖွဲ့ Wagner နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း နိုင်ဂျာစစ်အစိုးရပြော
Pika (NSS) - သြဂုတ် ၂ဝ
နိုင်ဂျာစစ်အစိုးရသည် ရုရှားကြေးစားတပ်ဖွဲ့ Wagner နှင့် လက်တွဲလုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း အသစ်ခန့်အပ်ခံထားရသော ဝန်ကြီးချုပ် Ali Lamine Zeine က ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ဂျာ၏ အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ကျူးကျော်တိုက်ခိုက်မှုများဖြစ်ပွားလာနိုင်သည့် ခြိမ်းခြောက်မှု များ မြင့်တက်နေသည့်အချိန်တွင် Wagner အဖွဲ့ကို ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ကြောင်း အစောပိုင်းတွင် ထွက်ပေါ်လာသောသတင်းများအရ သိရသည်။
ယခုလအစောပိုင်းတွင် နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်များက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သော Ali Lamine Zeine က စစ်ခေါင်းဆောင်များသည် Wagner အဖွဲ့ကို အကူအညီတောင်းခံခဲ့ခြင်းမျိုးမရှိကြောင်း အခိုင်အမာပြောခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် Abdourahamane Tchiani သည် ဇူလိုင်လ(၂၆)ရက်တွင် အနောက်အုပ်စု လိုလား သော နိုင်ဂျာသမ္မတမိုဟာမက်ဘာဇွန်ကို ရာထူးမှဖြုတ်ချခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယခင်က ကိုလိုနီအရှင်သခင်ဟောင်းဖြစ်ခဲ့ဖူးသော ပြင်သစ်နှင့် ကုန်သွယ်ရေး၊ စစ်ရေးသဘောတူညီချက်များကို ရပ်ဆိုင်းရန် စီစဉ်ခဲ့ပြီး အိမ်နီးချင်းမာလီနိုင်ငံတွင်ရှိသော Wagner အဖွဲ့မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် တွေ့ခဲ့သည်ဆိုသည့်အချက်ကို Wagner အဖွဲ့က အတည်ပြု ပြောဆို ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါအာဏာသိမ်းမှုသည် အနောက်အုပ်စုများ၏ အမြတ်ထုတ်မှုများကို ဆန့်ကျင်သောပြည်သူများ၏ တရားမျှတသည့် ပုန်ကန်မှုတစ်ခုဖြစ်ကြောင်း Wagner အဖွဲ့ ခေါင်းဆောင်ပရိုဂိုဇင်ကပြောဆိုခဲ့သည်။နိုင်ဂျာအာဏာသိမ်းမှုသည် ရုရှား (သို့မဟုတ်) Wagner အဖွဲ့ နှင့် ဆက်နွယ်ခြင်းမျိုးမရှိသော်လည်း ရုရှား၏ ဩဇာလွှမ်းမိုးမှုအောက်သို့ နိုင်ဂျာနိုင်ငံရောက်ရှိသွားမည်ကို စိုးရိမ်မိ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောဆို ခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း Wagner တပ်ဖွဲ့များသည် မာလီ၊ ဘာကီနာဖာဆို၊ ဆူဒန်၊ မိုဇမ်ဘစ်နှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံတို့တွင် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြင်သစ်သည် နိုင်ဂျာစစ်အာဏာသိမ်း ခေါင်းဆောင်ကို ဖြုတ်ချရန် လုပ်ဆောင်နေသော အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း ECOWAS ၏ ကြိုးပမ်းမှုများကို ထောက်ခံခဲ့သော်လည်း သံတမန်နည်းလမ်းသို့မဟုတ် စစ်ရေးနည်းလမ်းနှစ်ခုတွင် မည်သည့် နည်းလမ်းကို ထောက်ခံသည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပြင်သစ်တပ်ဖွဲ့များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သော မာလီနှင့်ဘာကီနာဖာဆိုအစိုးရတို့က နိုင်ဂျာနိုင်ငံကို စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများရှိလာမည်ဆိုလျှင် အကူအညီပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားဟက်ကာများက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့်အချက်အလက်များကိုရယူရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ