အမျိုးသားတစ်ဦးအားဆိုင်ကယ်လုယက်စဉ် ကြည်ဖြူစွာပေးခဲ့သော်လည်း အုပ်စုဖွဲ့ကာ ဓားဖြင့်ထိုးခုတ်သွားမှု မန္တလေး၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၃
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အုပ်စုဖွဲ့ကာဓားဖြင့်ထိုးခုတ်၍ ဆိုင်ကယ်လုယက်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်လုယက်မှုသည် ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၉ နာရီခန့်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၅၈ လမ်း နှင့်လမ်း ၃ဝ ကြား၌ ဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
"အလုခံရတာက ကြွက်ဆိုင်ကယ်အမျိုးအစားပေါ့။ အဲဒါကို ဓားထောက်လုတော့ ဆိုင်ကယ်သမားက ယူသွားပါလို့ ကြည်ကြည်ဖြူဖြူနဲ့ပေးတာကို လူကိုလုပ်သွားတာပါ" ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
ဆိုင်ကယ်လုယက်ခံရသူမှ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင်နေထိုင်သည့် အသက်(၃ဝ)အရွယ် အမျိုးသားဖြစ်ပြီး အလုယက်ခံရစဉ် ဆိုင်ကယ် Box ထဲ၌ ပါရှိသည့် ဖုန်းတစ်လုံးနှင့် ပိုက်ဆံများ ပါသွားကြောင်း သိရသည်။
"နောက်စေ့ကို ခုတ်ခံရတာကတစ်ချက်။ ဗိုက်ကိုလည်း ဓားနဲ့ထိုးခဲ့သေးတယ်။ ကျွန်တော်တို့သွားတော့ ဓားက တန်းလန်းပဲ။ ဆေးရုံရောက်မှ နှုတ်ရတာပေါ့နော်" ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းလုယက်မှုမှ ကျူးလွန်သူများကို သက်ဆိုင်ရာမှ လိုက်လံစုံစမ်းနေဆဲဖြစ်ပြီး အခင်းဖြစ်ပွားစဉ်က ကျိုးကျကျန်ခဲ့သည့် ဓားရိုးအား သိမ်းဆည်းရမိထားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဓားဖြင့်ထိုးခုတ်ခံရသည့်အမျိုးသားအား နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုယက်ခံရသည့် နေရာတွင် ယခင်လကလည်း အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်ခံခဲ့ရဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားစွမ်းအင်စက်ရုံက ထွက်ရှိမယ့်ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ပစ်မယ့် ဂျပန်အစိုးရအစီအစဉ်ကို တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ