စစ်တပ်ကို ဖြစ်လာနိုင်သောစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း တောင်းဆို
Pika (NSS) - ဩဂုတ် ၁ဝ
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ဖြစ်ပွားလာနိုင်သော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်၊ လက်နက်ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်ရန် နှင့် စစ်ရေးလေ့ကျင့်မှုများ ပိုမိုတိုးချဲ့လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် ကင်ဂျုံအန်းသည် စစ်တပ်၏ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ရာထူးမှ ထုတ်ပယ် ခဲ့ပြီးနောက် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြောက်ကိုရီးယား၏ ရန်သူများကို ဟန့်တားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည့် ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် ကင်ဂျုံအန်းက ယခုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ထိပ်တန်းဗိုလ်ချုပ်ကြီး Pak Su Il ၏ နေရာတွင် ဗိုလ်ချုပ်ကြီး Ri Yong Gil ကို အစားထိုးကာ တာဝန် ထမ်းဆောင် ခိုင်းသွားမည်ဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီး Ri Yong Gil သည် ကာကွယ်ရေး ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူသွားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းသိရသည်။
ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ လက်နက်ထုတ်လုပ်မှုစွမ်းရည်ကို ပိုမိုမြှင့်တင်ရန် ပြောဆိုခဲ့ကြောင်း အစီရင်ခံစာထဲတွင်ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကို ရေးသားဖော်ပြထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ကင်ဂျုံအန်းသည် လက်နက်ထုတ်လုပ်သည့် စက်ရုံများကို သွားရောက်ခဲ့ပြီး ဒုံးကျည် အင်ဂျင်များ၊ အမြောက်များ နှင့် အခြားလက်နက်များ ထပ်မံတည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် အမြောက်ကျည်များ၊ ဒုံးပျံများ နှင့် ဒုံးကျည်များ အပါအဝင် အခြားစစ်လက်နက်ပစ္စည်းများအား ရုရှားကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်ကစွပ်စွဲပြောဆိုထား သည်။
သို့သော်လည်း ရုရှားနှင့် မြောက်ကိုရီးယားတို့က အမေရိကန်၏စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။ မြောက်ကိုရီးယားစစ်တပ်၏ တပ်ဖွဲ့များကို အသင့်ဖြစ်နေစေရန်အတွက် နိုင်ငံတွင်းရှိ နောက်ဆုံးပေါ် လက်နက်များ၊ ကိရိယာများဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ကင်ဂျုံအန်းကညွန်ကြားထားကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် ဩဂုတ်လ(၂၁)ရက်မှ (၂၄)ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို မတည်မငြိမ်ဖြစ်စေသည့်အပြင် မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့်လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း မြောက်ကိုရီးယားဖက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ ဩဇာလွှမ်းမိုးမှုအောက်သို့ နိုင်ဂျာနိုင်ငံရောက်ရှိသွားမည်ကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရ ထုတ်ဖော် ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ