တစ်လကျော်ကြာပျောက်ဆုံးနေသော မြန်မာမိသားစုကို အမြန်ဆုံး ပြန်လည်တွေ့ရှိရန် အရှိန်မြင့်လုပ်ဆောင်စေလိုကြောင်း Amnesty International တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - သြဂုတ် ၆
မလေးရှားအာဏာပိုင်များအနေဖြင့် တစ်လကျော်ကြာပျောက်ဆုံးလျက်ရှိနေသော မသူဇာမောင်နှင့် မိသားစုဝင် များ ဘေးကင်းရန် နှင့် မည့်သည့်နေရာတွင် ရှိနေသည်ဆိုသောအချက်ကို သိရှိနိုင်ရန် ကြိုးပမ်းမှုအားလုံးကို အရှိန်မြင့်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
မသူဇာမောင် နှင့် မိသားစုများသည် ပြီးခဲ့သောဇူလိုင် ၄ ရက်ကတည်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ တိကျသောသတင်းအချက်အလက်များ ရရှိခြင်း မရှိသေးကြောင်းသိရသည်။
မလေးရှားအာဏာပိုင်များအနေဖြင့် မသူဇာမောင်နှင့်အတူ ခင်ပွန်း၊ သားသမီးသုံးဦး ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာတာဝန်ရှိသူများ၊ သံသယရှိသူများကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး လုံလောက်သော သက်သေအထောက်အထားများရရှိပါက တရားစီရင်နိုင်ရန် တရားစွဲဆိုရမည်ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်က သတင်းထုတ်ပြန်ထားသည်။
အသက် ၄၆ နှစ်အရွယ်ရှိ မသူဇာမောင် နှင့် ခင်ပွန်းဖြစ်သူ စောသန်းဝင်းတင်တို့အပြင် သားသမီး သုံးဦးသည် ဇူလိုင် ၄ ရက်က Ampang Jaya အရပ်ဒေသရှိ ၎င်းတို့နေအိမ်တွင် ကားဖြင့် လာရောက်ခေါ်ဆောင်ခြင်းခံရကာ ပျောက်ဆုံး သွားခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက်တွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
မသူဇာမောင် နှင့် မိသားစုတို့သည် ၂ဝ၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီးနောက် UN High Commissioner for Refugees အဖွဲ့၏ ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံထားရကြောင်း သိရသည်။
မလေးရှားအစိုးရအနေဖြင့် မလေးရှားနိုင်ငံကိုရောက်ရှိနေသော မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံအတွင်း နေထိုင်နေသူအားလုံး၏ လုံခြုံရေး၊ ဘေးကင်းရေးတို့ကို အာမခံပေးရန် တာဝန်ယူခြင်းများ ရှိရမည်ဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။
မလေးရှားရဲတပ်ဖွဲ့သည် မလေးရှားရှိ မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်နေသူ မသူဇာမောင် နှင့် မိသားစုဝင်များ ပျောက်ဆုံးနေခြင်းကို စုံစမ်းစစ်ဆေးနေသော်လည်း တစ်လကျော်ကြာချိန်အထိ ထူးခြားမှု မရှိသေးဘဲ တိကျသောသတင်းအချက်အလက်များ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပသို့ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့ထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ