နိုင်ဂျာအပေါ် စစ်ရေးနည်းလမ်းအသုံးပြုခြင်းကို နောက်ဆုံးအဆင့်အဖြစ် အသုံးပြုမှာဖြစ်ပေမယ့် ပြင်ဆင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ECOWAS အဖွဲ့ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၃
နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖြစ်ထွန်းစေဖို့ စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းကို နောက်ဆုံးအဆင့် အဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ စေ့စပ်ဆွေးနွေးသူအုပ်စုများကို နိုင်ဂျာအာဏာသိမ်း ခေါင်းဆောင်ထံစေလွှတ်ပြီး ဆွေးနွေးမှုများ အရင်လုပ်ဆောင်မှာဖြစ်ကြောင်း အနောက်အာဖရိက စီးပွားရေးအဖွဲ့ ECOWAS က ပြောပါတယ်။
အဆိုပါအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ နိုင်ဂျာသမ္မတမိုဟာမက်ဘာဇွန်ကို ရာထူးက ဖြုတ်ချခဲ့တဲ့ အာဏာသိမ်း ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးဖို့ သြဂုတ် ၃ ရက်မှာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ကို နိုင်ဂျီးရီးယားစစ်အာဏာရှင်ဟောင်းဖြစ်သူ Abdulsalami Abubakar ဦးဆောင်မှာ ဖြစ်ပြီး နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်ဖြစ်သူဗိုလ်ချုပ်ကြီး Abdourahamane Tiani ဦးဆောင်တဲ့အဖွဲ့ နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။
ECOWAS အဖွဲ့က နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်အနေနဲ့ သမ္မတကို သီတင်းပတ်တစ်ပတ်အတွင်း ရာထူးက ပြန်ခန့်ထားဖို့ တောင်းဆိုထားပြီး လိုက်နာမှုမရှိဘူးဆိုရင် နိုင်ဂျာနိုင်ငံကို စီးပွားရေးနဲ့ ဘဏ္ဍာရေးပိတ်ဆို့မယ့်အပြင် အင်အားသုံးဖြေရှင်းမှုတွေလုပ်ဆောင်မယ်လို့ သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ECOWAS အဖွဲ့ရဲ့နိုင်ငံရေးရာကော်မရှင် Abdel-Fatau Musah က အာဏာသိမ်းမှုကို တွန်းလှန်ဖို့ စစ်ရေး နည်းလမ်းအသုံးပြုခြင်းတွေက နောက်ဆုံးရွေးချယ်စရာအဖြစ်ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။
၎င်းက "စစ်ရေးနည်းလမ်းအသုံးပြုမယ့်ကိစ္စက စားပွဲဝိုင်းပေါ်မှာ နောက်ဆုံးအဆင့်အဖြစ်ရှိနေမှာပါ။ ဒါပေမယ့် လည်း ကျွန်တော်တို့ဟာ စစ်ရေးနည်းလမ်းအသုံးပြုဖို့ ပြင်ဆင်စရာတွေတော့ ပြင်ဆင်ထားမှာပါ။ ကျွန်တော်တို့ အဖွဲ့ဟာ ဟောင်ရုံဟောင်နေတာမျိုးမဟုတ်ဘဲ ကိုက်ပြဖို့ လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကတော့ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမယ့် အစီအစဉ်ကို သတိပေးထားပြီး အဆိုပါလုပ်ရပ်က ကိုလိုနီလက်သစ်ပြုကျင့်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ပြောပါ တယ်။ ရုရှားနိုင်ငံကလည်း နိုင်ဂျာအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်းကို အားပေးကြောင်း၊ စစ်ရေး နည်းလမ်းအသုံးပြုမယ်လို့ ခြိမ်းခြောက်ခြင်းကအခြေအနေတွေကို ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း သိရပါတယ်။
နိုင်ဂျာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ကတော့ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေး နည်းလမ်းအသုံးပြုတာက ၎င်းတို့နိုင်ငံအပေါ် စစ်ကြေညာခြင်းအဖြစ် မှတ်ယူမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထွက်ပေါ်လာနိုင်သော ရွေးကောက်ပွဲအခင်းအကျင်း (၂)ခုကို နစက အသိပေး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ