ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံအပေါ် ပေးနေတဲ့အကူညီတွေနဲ့ ဗီဇာကန့်သတ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
အတိုက်ခံပါတီကို ပါဝင်ခွင့်မပေးဘဲ ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံအပေါ် ပေးအပ်နေတဲ့အကူအညီတွေကို ဖြတ်တောက်သွားမှာဖြစ်သလို ဗီဇာကန့်သတ်မှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဦးဆောင်နေတဲ့ အာဏာရပါတီက နေရာအများအပြားမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ အတိုက်ခံပါတီ ဖြစ်တဲ့ Candlelight ပါတီကို အရည်အချင်းပျက်ယွင်းတဲ့ပါတီအဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ခွင့်မပေးခဲ့ရာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ကမ္ဘောဒီးယားအာဏာရပါတီဖြစ်တဲ့ ပြည်သူပါတီဟာ ရွေးကောက်ပွဲနေရာ ၁၂၅ နေရာအနက် ၁၂ဝ သာ အနိုင်ရခဲ့ကြောင်း ကနဦးရလဒ်တွေအရ သိရပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မယ့် ကိုယ်စားလှယ်တွေ စေလွှတ်ခြင်းမရှိခဲ့သလို ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတခြင်းမရှိခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။
ရုရှား၊ မြန်မာ နဲ့ တရုတ်နိုင်ငံတို့ကတော့ ကမ္ဘောဒီးယားရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံရဲ့ဒီမိုကရေစီကို ထိခိုက်နစ်နာ အောင် လုပ်ဆောင်နေသူတွေကို ဗီဇာကန့်သတ်ခြင်းများ နိုင်ငံခြားအကူအညီပေးခြင်းများကို ရပ်တန့်သွားမှာဖြစ် ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာက "ကမ္ဘောဒီးယားအစိုးရဟာ အတိုက်ခံပါတီတွေ၊ မီဒီယာတွေ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ထိခိုက်နစ်နာစေအောင်လုပ်ဆောင်ခဲ့တယ်။ ခြိမ်းခြောက်တာမျိုးတွေလည်းရှိခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပါးခွံလောင်စာသုံး Gasifier အများဆုံး အသုံးပြုနေသည့်ဒေသမှာ ဧရာဝတီတိုင်းဖြစ်ပြီး စက်ရုံပေါင်း (၅ဝဝ)ခန့် ရှိနေဟုဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း