ပီတနဲ့ ရှေ့သို့ချီပါတီရဲ့အမှုကို လက်ခံစစ်ဆေးဖို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၉
ထိုင်းနိုင်ငံရဲ့တရားရေးစနစ်အခြေအနေများအပေါ် စိုးရိမ်မှုများဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရှေ့သို့ချီပါတီ နဲ့ ပါတီခေါင်းဆောင်ပီတတို့အပေါ် မတူညီတဲ့စွဲချက်နှစ်ခုနဲ့ စွဲဆိုမှုများရှိလာခဲ့ပြီးနောက် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက အခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
၎င်းက "အမေရိကန်အစိုးရဟာ ထိုင်းနိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးသမားတစ်ဦးကို သီးခြားအားပေး ထောက်ခံတာမျိုးမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်နဲ့ ထိုင်းပြည်သူတွေရဲ့ဆန္ဒ ကို ရည်ညွန်းတဲ့ရွေးကောက်ပွဲအလွန်လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံမှာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေဖို့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံမှာပါ။ အမေရိကန်အစိုးရဟာ ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်နေတယ်။ ဒါပေမယ့် မကြာသေးမီက ဖြစ်ခဲ့တဲ့ ထိုင်းတရားရေးစနစ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မိပါတယ်" လို့ ပြောပါတယ်။
ရှေ့သို့ချီပါတီ နဲ့ ပါတီခေါင်းဆောင်ပီတ လင်ဂျာရိုအမ်ရက်တို့ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းဘုရင့်စနစ်ကို ဝေဖန်တိုက်ခိုက်သူတွေကို ပြစ်ဒဏ်ပေးတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲမယ်ဆိုတဲ့အချက် ကို စည်းရုံးပြောဆိုခဲ့ရာ အဆိုပါအမှုကို စစ်ဆေးကြားနားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ခံထားပါတယ်။ ဒါ့အပြင် ထိုင်းရွေးကောက်ပွဲကော်မရှင်က ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ တားမြစ်ထားတဲ့ ရွေးကောက်ပွဲစည်းကမ်းများကို ချိုးဖောက်ပြီး မီဒီယာလုပ်ငန်းမှာ ရှယ်ယာများပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ပြီး အရည်အချင်းပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ခဲ့သလို အဆိုပါအမှုကိစ္စကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ထပ်မံ စစ်ဆေးဖို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမှုနှစ်ခုနဲ့ပတ်သက်ပြီး ပီတလင်ဂျာရိုအမ်ရက်ရဲ့ဝန်ကြီးချုပ်ဖြစ်ရေးမျှော်လင့်ချက်အပြင် ပါတီဖျက်သိမ်းခံရမှုများဖြစ်လာမှာကို စိုးရိမ်မှုများမြင့်တက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အမေရိကန်စစ်သား မြောက်ကိုရီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရဟုဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ