ပျောက်ဆုံးနေသည့် (၉)လအရွယ်ကလေးငယ်ကို (၄)ရက်အကြာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိ
စော (NSS) - ဇွန် ၂၆
ပျောက်ဆုံးနေသည့် (၉)လအရွယ်ကလေးငယ်ကို (၄)ရက်အကြာတွင် ရေမြောင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့(ဇွန်လ ၂၅ ရက်)၊ နံနက် (၉)နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုမိတ္တာ ၁၄ လမ်းထိပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဇဗ္မူဒီပါလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါကလေးငယ်သည် ပြီးခဲ့သည့် (ဇွန်လ ၂၁ ရက်)တွင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း အထက်ပါလူမှုကူညီရေးအသင်းမှ ဆက်လက်ပြောဆိုထားသည်။
သေဆုံးသွားသော ကလေးငယ်၏ မိသားစုများသည် အဆိုပါ ရပ်ကွက်ရှိ ကျူးကျော်တန်းလျားတွင် နေထိုင်သူများဖြစ်ပြီး ကလေးပျောက်ဆုံးမှုကို ရပ်ကွက်ရုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အဲဒီကလေးက ဇွန်လ (၂၁)ရက်ထဲက ပျောက်နေတယ်ပြောတယ်။ မနေ့က မနက်ကမှ မြောင်းထဲမှာ အလောင်းကပွပြီး ပြန်ပေါ်လာတာပါ။ သူတို့က ကျူးကျော်လိုမျိုးတန်းလျားလေးမှာနေကြတာပါ။ သူတို့ပြောတာတော့ အရင်တုန်းကလည်းအဲဒီနားမှာအိပ်တယ်တဲ့။ အိပ်တော့ အဲဒီမြောင်းထဲကိုပြုတ်ကျဘူးတယ်။ အဲဒီတုန်းက ပြုတ်ကျတော့ ခြင်ထောင်အစနဲ့ငြိနေတော့ မြောင်းထဲမကျလိုက်ဘူး။ သူတို့ကလည်း အဲဒီနားမှာနေတာပါ”ဟု ဇဗ္မူဒီပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။
အဆိုပါ ကလေးငယ်သည် ကိုးလသားအရွယ်ခန့်သာရှိပြီး ကလေးငယ်၏ရုပ်အလောင်းအား မြောက်ဥက္ကလာမေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၂၆ ရက်အတွက် ပြည်တွင်းရေးအခြေအနေနဲ့ နိုင်ငံတကာသတင်းများအား တင်ဆက်ခြင်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ