ရွှေပြည်သာရှိ Gainway အထည်ချုပ်စက်ရုံ၌ တစ်ရက်လုပ်ခ (၅၆ဝဝ)ကျပ်တိုးပေးရန် အလုပ်သမားများစုပေါင်းတောင်းဆိုမှုအောင်မြင်
NSS - ဇွန် ၁၅
ရွှေပြည်သာမြို့နယ် ၊ သာဓုကန် စက်မှုဇုန်ရှိ Gainway International (Myanmar) Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တစ်ရက် လုပ်အားခ (၈) နာရီအတွက် အနိမ့်ဆုံး လုပ်ခ (၅၆ဝဝ) ကျပ်နှုန်းတိုးပေးရန်အတွက် စက်ရုံတွင်း ဆန္ဒပြတောင်းဆိုခဲ့ရာ ဇွန်လ ၁၂ ရက်တွင် ဆွေးနွေးညှိနှိုင်းမှု ပြေလည်ပြီး တောင်းဆိုချက်တွေကို ရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
"Gainway အထည်ချုပ်စက်ရုံဝန်ထမ်းများအားလုံး စုပေါင်းတောင်းဆိုခဲ့တာကြောင့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်ကစပြီး ဒေးကြေး ( ၈ နာရီ အတွက် အနိမ့်ဆုံး လုပ်ခ ) ၅၆ဝဝ ကျပ် ၊ အိုတီ (အချိန်ပိုလုပ်ခ) တစ်နာရီ ၁၄ဝဝ ကျပ်ရရှိပါမယ်"ဟု အလုပ်သမားတစ်ဦးကပြောသည်။
စက်ရုံအလုပ်သမားများသည် တစ်ရက် (၈)နာရီအတွက် အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ပေးရန်အတွက် စုပေါင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
Gain Way စက်ရုံရှိ အလုပ်သမား (၉ဝဝ) ကျော်အနက် ၊ အလုပ်သမား (၈ဝဝ)ကျော်က (၅၆ဝဝ)ကျပ် တိုးပေးရန် သဘောတူ ဝိုင်းဝန်းလက်မှတ်ထိုးကာ စာဖြင့်တင်ပြတောင်းဆိုခဲ့ပြီး တုံ့ပြန်မှုမရှိခြင်းကြောင့် ဇွန်လ ၉ ရက်တွင် လုပ်ငန်းခွင်သို့ မဝင်ရောက်ဘဲ စက်ရုံအတွင်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
စက်ရုံတွင်း စာဖြင့်တင်ပြတောင်းဆိုခြင်း၊ WCC မှတစ်ဆင့် တောင်းဆိုခြင်းတို့ ပြုလုပ်ရာ ဇွန်လ ၁ဝ ရက်တွင် စူပါလီဒါများ ထပ်တိုး ပါဝင်လာခြင်းကြောင့် တောင်းဆိုသူပိုများလာခဲ့ကြောင်းသိရသည်။ ယင်းနောက် ဇွန်လ ၁၂ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စက်ရုံဘက်မှ လိုက်လျောလိုက်ပြီး ဇူလိုင်လမှစတင်ကာ ဒေးကြေး ၅၆ဝဝ ကျပ် ၊ အိုတီတစ်နာရီ ၁၄ဝဝ ကျပ် ပေးရန် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည် ။
“အလုပ်သမားတွေအနေနဲ့ လုပ်ခမလုံလောက်တာကြာပြီ။ အစိုးရရဲ့တရားဝင်သတ်မှတ်ချက်ကမတိုးရင် စုပေါင်းတောင်းဆိုတာတွေဘဲပေါ်လာလိမ့်မယ်”ဟု ဝါရင့်အလုပ်သမားရေးရာကျွမ်းကျင်သူ ဦးရဲနိုင်ဝင်းကသုံးသပ်ပြောဆိုသည်။
ယင်း စက်ရုံသည် H&M အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အဝတ်အထည်များ ချုပ်လုပ်နေခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ထည်ထောင်ထားခြင်းဖြစ်ကြောင်း DICA အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေ့ကျင့်ရေးရဟတ်ယာဥ်တစ်စီး စက်ချို့ယွင်းမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဥ်မှူးအပါအဝင်(၂)ဦးကျဆုံး
RELATED POSTS
20 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း
19 Sep 2024 | လူမှုရေး,ပြည်တွင်း