ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသားများအနက် (၆)ဦးအား တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်
Pearl (NSS) - ဇွန် ၁၄
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသား(၄၂)ဦးအနက် (၆)ဦးအား တတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မြန်မာသံရုံးမှဆိုသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံးမှ ယနေ့ (ဇွန်လ ၁၄ ရက်) ၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများဆောင်ရွက်သည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသည့် နိုင်ငံ ခြားသားများရှိကြောင်း သတင်းရရှိသဖြင့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှဦးဆောင်၍ ပြီးခဲ့သည့် မေလ (၄) ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ စီးနင်းခဲ့ရာ နိုင်ငံခြားသား စုစုပေါင်း(၁၁၃၇)ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး အဆိုပါနိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား (၄၂)ဦး ပါဝင်ကြောင်း မြန်မာသံရုံးမှဆိုသည်။
မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင် မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍ အဆိုပါ (၄၂)ဦးအနက် ပြီးခဲ့သည့် မေလ (၅)ရက်တွင် အမျိုးသား (၅) ဦး နှင့် အမျိုးသမီး (၁၅) ဦး ၊ ဇွန်လ (၂)ရက်တွင် အမျိုးသား (၉) ဦး နှင့် အမျိုးသမီး (၆) ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ (၁၄)ရက်တွင် ကျန်ရှိသူမြန်မာနိုင်ငံသား(၇)ဦးအနက် အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၄) ဦးတို့အား တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် မြန်မာနိုင်ငံသား(၁)ဦးသည် လက်ရှိတွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ အွန်လိုင်းကုမ္ပဏီအား တရားစွဲဆိုထားသည့်အမှုတွင် အခြားနိုင်ငံခြားသားအချို့နှင့်အတူ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုနေရပြီး တရားရုံးမှ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၌ ကူညီကယ်ဆယ်ရေးများ သွားလာခွင့်ဆိုင်းငံ့ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် UN ညှိနှိုင်းရေးမှူး တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ