ထိုင်းနိုင်ငံတောင်ပိုင်း ခွဲထွက်ရေးလှုပ်ရှားသူများကို စုံစမ်းစစ်ဆေးအရေးယူမှုများကိုအလျင်အမြန်လုပ်ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NP News) - ဇွန် ၁၄
ထိုင်းတောင်ပိုင်းကို ခွဲထွက်ပြီး ပက်တာနီနိုင်ငံတည်ထောင်နိုင်အောင်ပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး စည်းရုံးလှုံဆော်တဲ့အုပ်စုများကို အလျင်အမြန်စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေး လိုက်ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့အစည်းအဝေးမှာ ထိုင်းလုံခြုံရေးအဖွဲ့တွေနဲ့ ထိုင်းဥပဒေရေးရာအဖွဲ့တွေကို အဓိကထား တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ် ကျောင်းသားလူငယ်အုပ်စုဟာ ထိုင်းတောင်ပိုင်းကိုခွဲထွက်ပြီး ပက်တာနီနိုင်ငံအဖြစ် တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား ခဲ့ပြီး လူထုဆန္ဒခံယူပွဲလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ တောင်ပိုင်းခွဲထွက်ရေးကို နောက်ကွယ်ကနေ ကြိုးဆွဲနေတဲ့နိုင်ငံရေးသမားတွေကို ရှာဖွေရမှာဖြစ်ကြောင်း၊ ခွဲထွက်ရေးလှုပ်ရှားမှုတွေက ဥပဒေကိုချိုးဖောက်ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်က ထိုင်းတောင်ပိုင်းခွဲထွက်ရေးလှုပ်ရှားမှုများက အစိုးရအသစ် အပြောင်းအလဲပြုလုပ်မှုများ အတွက် ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုများကို အတားအဆီးဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
၎င်းက "အရေးကြီးဆုံးကတော့ တောင်ဘက်စွန်းက မငြိမ်မသက်မှုတွေရဲ့ဆွဲငင်အားဟာ အရင်ကလို ပြင်းထန်တဲ့ အဖြစ်ကို ပြန်မသွားနိုင်ဘူးဆိုတာ ကျွန်တော်တို့ သဘောတူပါတယ်" လို့ ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ Move Forward Party ပါတီကလည်း ထိုင်းတောင်ပိုင်း ခွဲထွက်ရေးလှုပ်ရှားမှုများကို လက်မခံနိုင်ကြောင်း၊ ထိုင်းတောင်ပိုင်းရှိ Move Forward Party ကိုယ်စားလှယ်များကို ခွဲထွက်ရေးလှုပ်ရှားမှုများမှာ မပါဝင်ဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းကို ခွဲထွက်ပြီး မွတ်စလင်နိုင်ငံတည်ထောင်မယ့်အစီအစဉ်များကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကြပ်စေခိုင်းခံနေရသော မြန်မာနိုင်ငံသားများအနက် (၆)ဦးအား တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း