အာဆီယံ ဒေသတွင်းက ခါးပတ်လမ်းစီမံကိန်းများနဲ့ အနောက်တိုင်းမီဒီယာ (ဘာသာပြန်ဆောင်းပါး)
ပရမတ္တကိုမောင်ဘ (NSS) - ဇွန် ၁၄
အရှေ့တောင်အာရှဒေသဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအရှိဆုံးဒေသတစ်ခုပါ။ ဒါပေမယ့် ဒီဒေသမှာ သယ်ယူပို့ဆောင်ရေးကွန်ယက်အားနည်းတာ၊ လျှပ်စစ်ဂရစ်လိုင်းတွေနေရာအနှံ့မရှိတာနဲ့ ဒီဂျစ်တယ် အခြေခံအဆောက်အအုံတွေ မလုံလောက်တာတွေက ခေတ်မီကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဆုံချက် နေရာတစ်ခု ဖြစ်လာဖို့ အားနည်းချက်ဖြစ်နေပါသေးတယ်။ ၂ဝ၁၅ ကနေ ၂ဝ၃ဝ ခုနှစ်အတွင်း ဒီဒေသတွင်းက အခြေခံ အဆောက် အအုံလိုအပ်ချက်တွေဖြည့်ဆည်းဖို့ အမေရိကန်ဒေါ်လာ (၃ ဒသမ ၁)ထရီလျံ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လိမ့် မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက်ခန့်မှန်းပါတယ်။ ဒီလိုအပ်တဲ့ ငွေကြေးပမာဏကို ကူညီဖြည့်ဆည်း ပေးနိုင်တာ ကမ္ဘာမှာ နှစ်နိုင်ငံပဲရှိပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံပါ။ ဒီနှစ်နိုင်ငံအနက် ဘယ်နိုင်ငံက သူတို့ အတွက် အကူအညီအပေးဆုံး မဟာမိတ်နိုင်ငံဖြစ်လာမလဲ လေ့လာကြည့်ကြပါစို့။
တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်ကတည်းက ခါးပတ်လမ်း စီမံကိန်း BRI- Belt and Road initiative ကို စတင်ခဲ့ပါ တယ်။ ခါးပတ်လမ်း စီမံကိန်းဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက်ရော အာဆီယံနိုင်ငံတွေအတွင်းက လိုအပ် နေတဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခွင့်အလမ်းတစ်ရပ်ပါ။ တရုတ်နိုင်ငံကတော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ် နှစ်ခုကာလကပဲ၊ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်အလုံအလောက်ရရှိရေးနဲ့ ဒစ်ဂျစ်တယ်နေထိုင်မှုဘဝသို့ ကူးပြောင်းရေးစတာတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်လောက်ကတည်းက တရုတ်ဟာ အာဆီယံရဲ့ အရေးအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသလို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက အာဆီယံကွန်ယက်ဟာ တရုတ်ရဲ့ ထိပ်တန်း ကုန်သွယ်ဖက် ဖြစ်လာပါတယ်။ ၂ဝ၂၂ ခုနှစ်အောက်တိုဘာလစာရင်းတွေအရ အာဆီယံနဲ့ တရုတ်အကြားက အပြန်အလှန်ကုန်သွယ်ရေး ပမာဏ ဟာ တရုတ်ငွေ (၅ ဒသမ ၂) ထရီလျံယွမ် အထိရောက်ရှိခဲ့ပါပြီ။ ဒါဟာ တရုတ်ပို့ကုန်သွင်းကုန် အားလုံးရဲ့ (၁၅ ဒသမ ၂) ရာခိုင်နှုန်း ရှိပါတယ်။
မလေးရှားနိုင်ငံဆိုရင် ခါးပတ်လမ်းစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှုစတင်ဝင်လာပြီး (၃)နှစ်အကြာမှာ တရုတ်ရင်းနှီး မြှုပ်နှံမှုက ရာခိုင်နှုန်း (၁ဝဝဝ) အထိထိုးတက်သွားပါတယ်။ ဒီပမာဏက လွန်ခဲ့တဲ့ (၁ဝ) နှစ်ကာလမှာ အာဆီယံ နိုင်ငံတွေအတွင်း အများဆုံးပမာဏပါ။ ဒါတင်မကသေးပါဘူး။ မလေးရှားက ခါးပတ်လမ်းစီမံကိန်းတွေဟာ အာဆီယံဒေသထဲမှာ နယ်ပယ်အတိုင်းအတာအရ အကျယ်ပြန့်ဆုံး၊ ပမာဏအရ အကြီးဆုံးနဲ့ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်မှုတစ်ချို့ထဲမှာ အပါအဝင်ဖြစ်ပါတယ်။ နမူနာအဖြစ်ပြောရရင် East Coast Rail Link- ECRL အရှေ့ဖက်ကမ်းရိုးတန်း ရထားလိုင်း (အီးစီအာအယ်လ်) စီမံကိန်းဆိုတာ (၂၇) ဘီလျံဒေါ်လာတန် မီဂါပရောဂျက် တစ်ခုပါ။ ဒီဧရာမ ပရောဂျက်ကို တရုတ် ဆက်သွယ်ရေးတည်ဆောက်ရေးကုမ္ပဏီက (China communication construction company) တာဝန်ယူတည်ဆောက်နေတာပါ။ ဒီရထားလိုင်းက မလေးရှားရဲ့ အရှေ့ပိုင်းနဲ့ အနောက် ပိုင်းကမ်းရိုးတန်းတွေကို ဆက်သွယ်ပေးပြီး ကီလိုမီတာ (၇ဝဝ) ရှည်ပါလိမ့်မယ်။ ဒီစီမံကိန်းမှာ အလုပ်သမားပေါင်း (၂၃ဝဝဝ)ပါဝင်ပြီး (၇ဝ)ရာခိုင်နှုန်းက ဒေသခံတွေဖြစ်ကြပါတယ်။ ဒီစီမံကိန်း လုပ်နေဆဲကာလမှာ ဒေသခံတွေ အလုပ်အကိုင်တွေရကြသလို စီမံကိန်းပြီးသွားတဲ့အခါမှာလည်း မလေးရှားနိုင်ငံတွင်း ကုန်စည်ကူးသန်းမှုနဲ့ သွားလာ ရေးတွေ ပိုမိုများပြားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တွန်းအားဖြစ်စေပါလိမ့်မယ်။ ဒါဟာ မလေးရှား နိုင်ငံရဲ့ အကြီးမားဆုံး အခြေခံအဆောက်အအုံ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာ အငြင်းပွား စရာကိစ္စမရှိတာတော့မဟုတ်ပါ။ ကမ္ဘာသမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေးအရ အပုပ်နံ့ထွက်တဲ့ အရှုပ်တော်ပုံ တစ်ခုနဲ့ ပတ်သက်နေပါတယ်။ အဲဒီအရှုပ်တော်ပုံက ဝန်ကြီးချုပ်ဟောင်း Najib Razak နဂျစ်ရဇတ် ပါဝင်ပတ် သက်တဲ့ 1MDB scandal ပါ။ အဲဒီအရှုပ်တော်ပုံအကြောင်း နောက်တော့ ပြောကြတာပေါ့။
အခုကတော့ တရုတ်ကျောထောက်နောက်ခံပြုခဲ့တဲ့ အအောင်မြင်ဆုံး ပရောဂျက်တွေအကြောင်း ပြောကြစို့။ အဲဒါက Malaysia - China kuantan Industrial Park စီမံကိန်းပါ။ အဲဒီစက်မှုဇုန်က ဧက ၃၅ဝဝ ကျယ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ရှီးမှာ တည်ဆောက်ထားပြီးဖြစ်တဲ့ China-Malaysia Qinzhou Industrial Park စက်မှုဇုန်နဲ့ လက်တွဲဖို့ ပထမဆုံးသော ညီအစ်မစက်မှုဇုန်များ အဖြစ် ဒီစက်မှုဇုန်ကို မလေးရှားနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းမှာ တည်ဆောက်ခဲ့တာပါ။
ဒီစက်မှုဇုန်တည်ဆောက်ပြီးတဲ့အချိန်ကစလို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ရဲ့ စဦးတီထွင်သူ အဖြစ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံတကာ ကုန်သွယ်ရေးတွေကို တွန်းအားဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (၂၅)ဘီလျံဒေါ်လာကျော်ရှိတဲ့ ပရောဂျက်ပေါင်း (၂ဝဝ) ကျော်နဲ့ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ ဒါကြောင့် ဒေသခံပြည်သူ ထောင်သောင်းများစွာ အလုပ်တွေရရှိကြပါတယ်။ ဒီလိုကြီးမားတဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အခြားအာဆီယံနိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်။
အရှေ့တောင်အာရှရဲ့ လူဦးရေအများဆုံးတိုင်းပြည်တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း တရုတ်က အမေရိကန်ဒေါ်လာ (၈)ဘီလျံ ကုန်ကျမယ့် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းတစ်ခု တည်ဆောက်နေ ပါတယ်။ ဒီရထားလမ်းဟာ (၁၄၂) ကီလိုမီတာရှည်လျားပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးထားပါတယ်။ ရထားလမ်းသစ်ကြောင့် မြို့ကြီးနှစ်မြို့အကြား ခရီးသွားချိန် တိုသွားပါလိမ့်မယ်။ မူလက (၃)နာရီခွဲခရီးကို (၃၆)မိနစ်ကြာဘဲသွားရတော့မှာပါ။ ဒီပရောဂျက်က အင်ဒိုနီးရှားနိုင်ငံ မှာလုပ်တဲ့ ခါးပတ်လမ်းစီမံကိန်းရဲ့ ရှေ့ဆောင်ပရောဂျက်တစ်ခုပါ။ ဒီပရောဂျက်က ဒေသခံ ၂ဝဝဝ လောက်ကို အလုပ်အကိုင်ဖန်တီးပေးခဲ့ပြီး ဒီနှစ်ထဲမှာပြီးစီးပါလိမ့်မယ်။ ဒီလမ်းက အရှေ့တောင်အာရှရဲ့ ပထမဦးဆုံးသော တစ်နာရီ ကီလိုမီတာ ၂၅ဝ အထက်မောင်းနှင်နိုင်တဲ့ အမြန်ရထားလမ်းဖြစ်လာပါလိမ့်မယ်။ ဒါ့ပြင် အင်ဒိုနီးရှားဟာ၊ အာရှမှာတရုတ်ကတည်ဆောက်တဲ့ နိုင်ငံရပ်ခြားစက်မှုဇုန် (၈) ခုထဲက တစ်ဝက်လောက်ကို အိမ်ရှင်အဖြစ် လက်ခံတည်ဆောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ မိုရိုဝါလီ စက်မှုဇုန် (Indonesia Morowali Industrial Park) ဆိုရင် အလုပ်သမားပေါင်း (၄၃ဝဝဝ)ကို အလုပ်ပေးနိုင်ပြီး အဲဒီအထဲက (၉ဝ) ရာခိုင်နှုန်းလောက်ဟာ ဒေသခံတွေပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အခြေခံအဆောက်အအုံတွေ လိုအပ်နေတဲ့ အာဆီယံနိုင်ငံတွေနဲ့ ခါးပတ်လမ်းစီမံကိန်းတို့ အကြား အပြည့်အဝဟန်ချက်ညီ ပေါင်းစပ်အသုံးချနိုင်တဲ့ စံပြနိုင်ငံတစ်ခုလို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံအဆောက်အအုံညံ့ဖျင်းတာ၊ လူသားအရင်းအမြစ် နိမ့်ကျတာနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းစနစ်တွေက မပြည့်မစုံ- ညံ့ဖျင်းတာ စတာတွေရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ယှဉ်ပြိုင်နှိုင်စွမ်းမရှိဖြစ်နေတာ ကြာပြီဖြစ်လို့ ကမ္ဘာ့ ကုန်သွယ်မှုဆုံချက်နေရာတစ်ခုဖြစ်ဖို့ အသာထား၊ ဒေသတွင်းကုန်သွယ်မှု ဆုံချက်ဖြစ်ဖို့တောင်မှ အတားအဆီးဖြစ် နေပါတယ်။ အမှန်စင်စစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာပါဝင်တဲ့ ပမာဏက၊ သူ့ထက်ငယ်တဲ့ အိမ်နီးချင်းမလေးရှားတို့၊ ထိုင်းတို့အပြင် စင်္ကာပူနိုင်ငံ ထက်တောင်သေးငယ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အင်ဒိုပစိဖိတ်ဒေသတွင်းက မဟာဗျူဟာကျတဲ့တည်နေရာ၊ အရှေ့တောင်အာရှမှာ အကြီး ဆုံး စီးပွားရေးဖြစ်နေတာ၊ ကမ္ဘာမှာ စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံကြီးဖြစ်နေတာတွေကြောင့် အင်ဒိုနီး ရှားဟာ သူ့ရဲ့အခြေခံအဆောက်အအုံတိုးတက်ကောင်းမွန်ရေးကို ပြင်းပြင်းထန်ထန် ကြိုးစားရှာဖွေရပါတယ်။ သူ့ရဲ့ များပြားလှတဲ့ကျွန်းတွေအကြား ကူးသန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်အောင်နဲ့ သူ့ရဲ့စီးပွားရး ခေတ်မီ အောင်လုပ်ဖို့လိုပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြားမှာ ယေဘူယျကြုံတွေနေကျဖြစ်ပေမဲ့၊ ဒီလို ကျယ် ပြန့် ကြီးမားတဲ့ ကုန်ကျစားရိတ်များကို အင်ဒိုနီးရှားကမတတ်နှိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တရုတ်ရဲ့ BRI စီမံ ကိန်းရောက်လာလေတော့ အင်ဒိုနီးရှားအတွက် “ရေငတ်နေသူ ရေတွင်းထဲကျ” ဆိုသလိုဖြစ်သွားပါတော့တယ်။
လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာသလို၊ တပြိုင် နက်ထဲမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာ ၂ဝ၁၉ ခုနှစ်ကတည်းကပါ။ သမ္မတ ဂျိုကို ဝီဒိုဒိုက ခါးပတ်လမ်းစီမံကိန်းနဲ့ပတ်သက်ပြီး “ဒါက ဆွေးနွေးပြောဆိုရုံ သက်သက်မျှမဟုတ်ပါဘူး။ ဒါကတစ်ခုခုကို တကယ်တည်ဆောက်နေတာပါ။ လေဆိပ်တွေ၊ ရထားလမ်းတွေ၊ ဒါတွေဟာ ကုန်ထုတ်လုပ်ငန်းတွေ၊ ကျွန်တော်တို့ မြင်နိုင်ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရာတွေပါ။ ဒါတွေဟာ ကမ္ဘာက အခုချက်ခြင်းလိုအပ်နေတဲ့၊ သူရသတ္တိတစ်မျိုးနဲ့ တကယ့် လုပ်ဆောင်ချက်တွေပါ”လို့ပြောသွားပါတယ်။ ဒါကြောင့် ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့လိုအပ်ချက်တွေ၊ ရည်မှန်း ချက်တွေနဲ့ BRI က ကမ်းလှမ်းပေးအပ်နိုင်တာတွေအကြား ပြည့်စုံတဲ့ ညှိနှိုင်းပေါင်းစပ်မှုအကျိုးလို့ ဆိုနိုင်ပါတယ်။ ဒီရလဒ်တွေကို အရှေ့တောင်အာရှတလွှား နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ တကယ်တော့ အရှေ့တောင်အာရှဒေသ တစ်ခုထဲမှာတင်မကပါဘူး။ ကမ္ဘာတလွှားက နေရာအနှံ့အပြားမှာ တရုတ် ခါးပတ်လမ်းစီမံကိန်း BRI ရဲ့ စီမံကိန်းတွေ တည်ဆောက်နေတာ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ အမြန်ရထားလမ်းတွေ၊ အမြန်ကားလမ်းနဲ့ မြစ်ကူးတံတားကြီးတွေ၊ စက်မှုဇုန်တွေ၊ စီပွားရေးစင်တာတွေနဲ့ တခြားဧရာမ စီမံကိန်းတွေစတဲ့ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်းများစွာဖန်တီးပေးမယ့် အခြေခံအဆောက်အအုံတည်ဆောက်ရေးတွေ လုပ်ဆောင်နေတာကို တွေ့နေ မြင်နေရပါတယ်။
ဒါပေမယ့် အနောက်တိုင်းမီဒီယာတွေမှာက တရုတ်ပြည်ကို အသိအမှတ်ပြုရမယ့် အောင်မြင်မှုတွေကို မဖော်ပြလိုကြပါဘူး။ လူ (၂) သန်းလောက်ကြည့်ရှုခဲ့တဲ့ မေလ ၁၈ ရက် ရိုက်တာသတင်းတစ်ပုဒ်မှာ တရုတ်ပြည် နဲ့ပတ်သက်ပြီး ဘယ်လောက်တောင်ဆိုးဆိုးရွားရွားပြောထားသလဲဆိုတာ အတော်အံ့သြဖို့ကောင်းပါတယ်။
“ကိုဗစ် 19 ကပ်ရောဂါရဲ့ ဇာတိမြေတရုတ်နိုင်ငံက နောက်ထပ်ကမ္ဘာလုံးဆိုင်ရာ ရောဂန္တရကပ်ဆိုက်အောင် လမ်းခင်းနေ” လို့ခေါင်းစဉ်တပ်ပြီး လာအိုနိုင်ငံကို ဖြတ်ပြီးဖောက်လုပ်ထားတဲ့ အမြန်မီးရထားလမ်းအကြောင်းရေး သားဖေါ် ပြရာမှာ မဟုတ်မမှန်ရေးသားခဲ့ပါတယ်။
ရိုက်တာရဲ့ ဒီလိုရေးသားဖော်ပြမှုက တော်တော့်ကို အံ့သြဖို့ကောင်းလွန်းလို့ မယုံနှိုင်အောင်ဖြစ်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂ဝ၂ဝ ခုနှစ် ဇွန်လ ၂၆ ရက်က တင်ခဲ့တဲ့ ရိုက်တာသတင်းတပုဒ်မှာဘဲ “ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကို ၂ဝ၁၉ ခုနှစ်မတ်လအတွင်းက စုဆောင်းခဲ့တဲ့ အညစ်အကြေးနမူနာများထဲမှာ ခြေရာခံရရှိလို့ စပိန် လေ့လာချက်များကပြော” ဆိုတဲ့ သတင်းကိုဖော်ပြခဲ့ပါသေးတယ်။ အဲဒီအချိန်ဟာ တရုတ်ပြည်မှာ ကိုဗစ် 19 ရောဂါပိုးလို့ သိရှိခဲ့တဲ့ အချိန်ထက် (၉)လစောပါတယ်လို့ ဘာစီလိုနာ တက္ကသိုလ်က ပြောခဲ့တာကိုလည်း ဖော်ပြ ထားပါတယ်။ ဒီသတင်းအရဆိုရင် ကိုဗစ် 19 ရောဂါပိုးဟာ တရုတ်ပြည်မှာ မတွေ့ခင်ကတည်းက ဘာစီလိုနားမှာ တွေ့ခဲ့ပြီးဖြစ်တယ်လို့ဆိုရမှာပါ။
ဒါကြောင့်လည်း လာအိုလူထုက လိုတမျိုး မလိုတမျိုးရေးတဲ့ သမရိုးကျ အနောက်တိုင်းမီဒီယာတွေအပေါ်မှာ အယုံအကြည် နည်းပါးလာပါတယ်။
တကယ်က လာအိုနိုင်ငံဟာ သမိုင်းမှာ အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်တာခံခဲ့ရဘူးတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှက ကုန်းတွင်းပိတ်နိုင်ငံငယ်ကလေး လာအိုကို အမေရိကန် နယ်ချဲ့တွေက ဗုံးတန်ချိန် (၂)သန်းလောက်ကြဲချခဲ့တာပါ။ ၁၉၇၅ အထိ လာအိုပြည်သူ ၁ဝ ပုံတပုံ ( ဦးရေအားဖြင့် ၂ဝဝဝဝဝ) လောက်သေဆုံးပြီး ၄ဝဝဝဝဝ လောက်က ဒဏ်ရာအနာတရဖြစ်ခဲ့ကြပါတယ်။
ဒီလို ပြင်းထန်တဲ့ စစ်ပွဲဒဏ်ခံခဲ့ရပြီး ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ကုန်သွယ်ရေးမှာ ယှဉ်ပြိုင် နိုင်စွမ်းမရှိတဲ့ လာအိုဟာ၊ တရုတ်တည်ဆောက်ပေးတဲ့ ရထားလမ်းသစ်ကျေးဇူးကြောင့် အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်တာတွေ၊ ပင်လယ်ရေကြောင်းကနေ ကုန်ပစ္စည်းတင်ပို့တာတွေကို လုပ် နိုင်တော့မှာဖြစ်ပါတယ်။ ဒီရထားလမ်းဟာ လာအိုနိုင်ငံအတွက် တကယ့်မဟာဗျူဟာကျတဲ့ အလှည့်အပြောင်း ဖြစ်ပေါ်တိုးတက်မှု တစ်ခုပါ။
တကယ်တန်းမှာတော့ လာအိုနိုင်ငံတွင်း အမြန်မီးရထားလမ်းပေါက်သွားတဲ့ကိစ္စမှာ ဘာရောဂန္တရကပ်ဆိုးနဲ့မှ ပတ်သက်မှုမရှိပါဘူး။ ရိုက်တာသတင်းဌာနအနေနဲ့ တရုတ်နိုင်ငံအပေါ် မလိုတမာစိတ်နဲ့ ဒီလိုရေးသားဖော်ပြ ချက်က သူတို့ရဲ့ သဘောထားယုတ်ညံ့မှုကို အရှင်းသားဖော်ပြနေတာသာဖြစ်ပါကြောင်း။
ကိုးကား- Why Southeast Asia Chose China (You Won't Believe What USA Did)
- Why Laos Has Been Bombed More Than Any Other Country
- 1Malaysia Development Berhad scandal
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် FBI ၏ နှစ် ၂ဝ ကြာ လျှို့ဝှက်စောင့်ကြည့်စာရင်းတွင် ၉၈ ရာခိုင်နှုန်းကျော်မှာ မွတ်စလင်များ ဖြစ်နေ
RELATED POSTS
14 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
13 Nov 2024 | ဆောင်းပါး,ပြည်တွင်း
11 Nov 2024 | ဆောင်းပါး,ပြည်တွင်း