အကြမ်းဖက်သမားများကို ငှားရမ်းနေထိုင်ခွင့်ပေးသည့် နေအိမ်တိုက်ခန်းများအား နိုင်ငံပိုင်သိမ်းမည့်အပြင် အကြမ်းဖက်အားပေးမှုဖြင့်ပါ အရေးယူခံရနိုင်ဟုသတိပေး
မျိုးကြီး (NSS) - ဇွန် ၁၃
အကြမ်းဖက်သမားများကို ငှားရမ်းနေထိုင်ခွင့်ပေးသည့် နေအိမ်တိုက်ခန်းများအား နိုင်ငံပိုင်အဖြစ် သိမ်း ဆည်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာလိုက်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယမန်နေ့(ဇွန်လ ၁၂ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
CRPH ၊ NUG နှင့် PDF အမည်ခံ အဖွဲ့အစည်းအမျိုးမျိုး၊ ယင်းတို့နှင့်ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြှိုးထား သတ် ဖြတ်ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ဟု ဗဟိုအဖွဲ့က ဆိုထားသည်။
ထို့ပြင် ၎င်းတို့အား အလွယ်တကူခြေရာခံနိုင်ခြင်းမရှိစေရန်အတွက် အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိနေသည်ဟု ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၎င်းကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများကို တားဆီးကာကွယ်ရန်အတွက် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက်အထောက်အထားများဖြင့် အုပ်ချုပ်ရေးမှူးရုံးများ၌ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
သို့သော် လက်ရှိ၌ နေအိမ်တိုက်ခန်းပိုင်ရှင်အချို့သည် မသိကျိုးကျွန်ပြုကာ ဆက်လက်ငှားရမ်းပေးနေခြင်းများသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်ရန် အားပေးကူညီသကဲ့သို့ ဖြစ်စေကြောင်းလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဆိုသည်။
ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၌ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့်နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက် သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် အကြမ်းဖက်စဉ်ပေါ်ပေါက်သည့်အခါတွင် ပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်၍ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်းကြားထားခြင်းမရှိပါက ငှားရမ်းထားသော နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဟု ဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
၎င်းအပြင် တရားရုံး၌ စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင် အကြမ်းဖက်မှုကို အားပေးကူညီသူအဖြစ်ပါ အရေးယူခံရနိုင်ကြောင်းလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက်မှုကျူးလွန်ထားသူများကို ရန်ကုန်မြို့ရှိ တိုက်ခန်း၊ အဆောင်နှင့် ဟိုတယ်တို့တွင် ဖမ်းဆီးရမိခဲ့သောဖြစ်စဉ်များလည်း ရှိထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်လာသော KIA အဖွဲ့ဝင်အမျိုးသား (၂)ဦးကို ငွေကျပ်သိန်း (၁ဝဝ)ကျော်ပေးအပ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ