ပြည်ခိုင်ဖြိုးပါတီ၏ ရေတိုစီမံချက်သည် လာမည့်ရွေးကောက်ပွဲ၌ ပြတ်ပြတ်သားသား အနိုင်ရရှိရေးပင်ဖြစ်ဟု ပါတီဥက္ကဋ္ဌပြော
မျိုးကြီး (NP News) - ဇွန် ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရေတိုစီမံချက်သည် လာမည့်ရွေးကောက်ပွဲ၌ ပြတ်ပြတ်သားသား အနိုင်ရရှိရေးပင်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။
၎င်းက ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၁၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ လိုအပ်ချက်နှင့် သမိုင်း၏ လိုအပ်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် လူမှုရေးအသင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆိုသည်။
“တပ်မတော်အစိုးရဟာ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီးတဲ့အချိန်မှာ ပါတီစုံဒီကရေစီလမ်းကြောင်းကို ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်လို့ တိုင်းပြည်ရဲ့ ပကတိအခြေအနေလိုအပ်ချက်အရ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ထားနိုင်မယ့် နိုင်ငံရေးပါတီတစ်ရပ် လိုအပ်လာတယ်လို့ သုံးသပ်ချက်အရ ဒီပြည်ထောင်စုကြံ့ခံရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီမံခဲ့ရတာဖြစ်ပါတယ်”ဟု ဦးခင်ရီက ဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် စတင်ပေါ်ပေါက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပါတီဟာ မြန်မာနိုင်ငံသမိုင်းမှာ မြန်မာနိုင်ငံတည်ရှိနေသရွှေ့ အင်အားအတောင့်တင်းဆုံး၊ ယုံကြည်စိတ်ချရဆုံး၊ မရှိမဖြစ်မှတစ်ပါး အခြားမရှိဆိုတဲ့အတိုင်း နိုင်ငံတော်မှာ ရှိကိုရှိရမယ့် နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ရှိနေနိုင်အောင် လတ်တလော ရေတို၊ ရေရှည်စီမံကိန်းချက်များ ချမှတ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အနီးဆုံးရေတိုစီမံချက်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြတ်ပြတ်သားသား အနိုင်ရရှိရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ဦးခင်ရီက ဆက်လက်ပြောဆိုထားသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေအရာ အများအပြား၌ အနိုင်ရရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီနှင့်နှိုင်းယှဉ်ပါက လွှတ်တော်ကိုယ်စားလှယ်နေရာအနိုင်ရရှိမှု နည်းပါးခဲ့သည်။
လက်ရှိတွင် နစက၏ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပသွားမည်ဟု ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို အတိအကျထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။
ထို့ပြင် လက်ရှိနစကလက်ထက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)သည် ကော်မရှင်ထံ၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက် ဥပဒေအရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတောင်ပိုင်းကို ထိုင်းနိုင်ငံကနေခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ် တောင်းဆိုလှုပ်ရှားမယ့်သူတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ