အိန္ဒိယရဲ့ ညွန့်ပေါင်းအစိုးရအသစ်က စစ်သားစုဆောင်းမှု မူဝါဒကို ပြန်လည်သုံးသပ်နိုင်ဖွယ်ရှိနေ

Pika (NSS) - ဇွန် ၁၃
အိန္ဒိယနိုင်ငံရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ညွန့်ပေါင်းအစိုးရအသစ်အတွက် အဓိကဦးစားပေးလုပ်ငန်းတွေထဲမှာ စစ်သားစုဆောင်းရေးမူဝါဒကို ပြန်လည်သုံးသပ်ခြင်းနဲ့ ကာကွယ်ရေးပိုင်းကို ခေတ်မီအောင်လုပ်ဆောင်ဖို့တွေ ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ Bharatiya Janata Party (BJP)ပါတီ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Rajnath Singhဟာ ဇွန်လ(၁၀)ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယသက်တမ်းကို ဆက်ယူခဲ့တယ်လို့လည်း သိရပါတယ်။ Rajnath Singh ဟာ ၂၀၁၄ ခုနှစ်တည်းက ပြည်ထဲရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တာလို့လည်း သိရပါတယ်။ ညွန့်ပေါင်းအစိုးရအသစ် ဖွဲ့လိုက်ပေမဲ့လည်း ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး နဲ့ ကာကွယ်ရေးဝန်ကြီးတွေအပါ အဝင် ယခင်အစိုးရအဖွဲ့က အဓိကဝန်ကြီးတွေဟာ ၎င်းတို့ရဲ့ ရာထူးတွေကို ဆက်လက်ရယူထားတယ်လို့လည်း သိရပါတယ်။ Rajnath Singh က 'အိန္ဒိယနယ်စပ်ကို ကာကွယ်ခြင်းဟာ အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ရှိနေတာဖြစ်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ဆက်လက်ကာကွယ်သွားမှာပါ။ဝန်ကြီးချုပ်မိုဒီရဲ့ ဦးဆောင်မှုအောက်မှာ အိန္ဒိယနိုင်ငံကို ဆက်လက်အားကောင်းစေဖို့၊ ကာကွယ်ရေးပိုင်းဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေကို ပိုမိုမြင့်မားလာစေဖို့ လုပ်ဆောင်သွားမှာပါ'လို့ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာပို့ကုန်ဟာ အဆ(၃၀)ကျော် တိုးလာခဲ့တယ်လို့သိရပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယဟာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၆)ဘီလျံထိရောက်ရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် (၃၂)ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ် လက်နက်ပစ္စည်းတင်သွင်းမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ စတော့ ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအဖွဲ့အစည်း (SIPRI)ရဲ့ ဒေတာအချက် အလက်တွေအရ သိရပါတယ်။ ဒါ့ပြင် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရအသစ်လက်ထက်မှာ စစ်ဘက်ဆိုင်ရာပလက်ဖောင်းတွေကို လျင်မြန်စွာခေတ်မီအောင်လုပ်ဆောင်ခြင်းက အိန္ဒိယစစ်တပ်အတွက် အဓိကဦးစားပေးလုပ်ငန်း ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း (၇၅) ရာခိုင်နှုန်းပြီးစီး
RELATED POSTS
18 Mar 2025 | နိုင်ငံရေး,ပြည်တွင်း
14 Mar 2025 | နိုင်ငံရေး,နိုင်ငံတကာ
14 Mar 2025 | နိုင်ငံရေး,ပြည်တွင်း