၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း (၇၅) ရာခိုင်နှုန်းပြီးစီး

ယွန်း (NSS) - ဇွန် ၁၃
၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း (၇၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါစီမံကိန်းသို့ ပြီးခဲ့သည့် ရက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သွားရောက်ကြည့်ရှုခဲ့ပြီး ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားရေးဆွဲပြီး အချိန်ဇယားများအတိုင်း သတ်မှတ်ပြီးစီးနိုင်ရေးကို ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့သည်။ လက်ရှိအကောင်အထည်ဖော် တည်ဆောက်နေသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားနှင့် ပို့လွှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေပြီး လာမည့် ဇူလိုင်လအတွင်း ဓာတ်အားပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်း အပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး လာမည့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစား (Generation Mix) အားဖြင့် ရေအား ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လာမည့် (၆)နှစ်အတွင်း သို့မဟုတ် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြီးခဲ့သည့်မေလတွင် ပြောကြားထားဖူးသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ကို ရာထူးကထုတ်ပယ်ဖို့ စွဲချက်ကို လာမယ့်ရက်ပိုင်းအတွင်း စတင်ကြားနာစစ်ဆေးမယ်
RELATED POSTS
12 May 2025 | အထွေထွေ,နိုင်ငံတကာ