စစ်ကိုင်း၌အခွန်ရုံးဝန်ထမ်းအချို့နှင့် လဝကဝန်ထမ်းမိသားစုကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ် လုံခြုံရေးအဖွဲ့နှင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်း(၂)ဦးအပါအဝင်(၅)ဦးသေဆုံးခဲ့
Pearl (NSS) - မေ ၂၂
စစ်ကိုင်း၌ အခွန်ရုံးဝန်ထမ်းအချို့နှင့် လဝကဝန်ထမ်းမိသားစုကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ်လုံခြုံရေးအဖွဲ့ နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်း(၂)ဦးအပါအဝင်(၅)ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၁ ရက်) ၊ ညနေ (၅)နာရီခန့်က စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်ရှိ လဝက ရုံးနှင့် အခွန်ရုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့ (၅)ဦးခန့်က သေနတ်များကိုယ်စီကိုင် ဆောင်ကာ ပါရမီရပ်ကွက်ရှိ လဝက ရုံးနှင့် အခွန်ရုံးများအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
“ပထမက အခွန်ရုံးထဲကို ဝင်တယ်။ ဝန်ထမ်း (၂)ဦးအပါအဝင် (၃)ဦးကို ဓားစာခံအဖြစ် ကားတစ်စီးနဲ့ဖမ်းဆီးသွားတယ်။ နောက် လဝကရုံးထဲကိုဝင်လာပြီးတော့ ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ဒီအစိုးရ လက်အောက်မှာ အလုပ်လုပ်တုန်းပဲလားလို့ (၃)ခါ အော်ပြောတယ်။ PDF နောက်တစ်ယောက်က အပြင်ပြန်ထွက်လာတဲ့အချိန် အဲဒီဝန်ထမ်းကို လာကြိုတဲ့ သူ့ယောက်ျားနဲ့(၈)နှစ်အရွယ်ကလေးနဲ့တိုးပြီး သူ့ယောက်ျားကိုပါ ရိုက်တယ်။ ပြီးတော့ သူတို့မိသားစုကို ဖမ်းသွားတယ်လို့သိရတယ်" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NSS ကို ပြောသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းခုလတ်၌ လုံခြုံရေးအဖွဲ့များနှင့် ထိတွေ့ကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "အဲဒီလို ဖမ်းသွားတဲ့အချိန် လမ်းမှာလုံခြုံရေးအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ အကြမ်း ဖက်သမားတွေက အခွန်ရုံးက ဖမ်းလာတဲ့ ဓားစာခံလူတွေကို ပစ်သတ်လိုက်တယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက် (၂)ဦးကိုလည်း အသေမိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ထိတွေပစ်ခတ်မှုများကြောင့် အကြမ်းဖက်အမျိုးသား (၂)ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သေနတ် (၂)လက်နှင့် ဆက်စပ်ကျည်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အလားတူ အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်မှုကြောင့် အခွန်ရုံးမှ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။ ဖြစ်စဉ်အတွင်း အကြမ်းဖက်အဖွဲ့ဝင်အချို့က လဝကဝန်ထမ်းမိသားစုကို ဖမ်းဆီးခေါ်ဆောင်ကာထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း သိရ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့သမုဒ္ဒရာများတရားရုံးတွင် ကျွန်းနိုင်ငံများသည် သမိုင်းဝင်ရာသီဥတုဆိုင်ရာအမှုကို အနိုင်ရရှိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ