တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ ပိုင်နက်နယ်မြေတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော
Pika (NSS) - မေ ၁၈
တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်လာတာနဲ့အတူ ပိုင်နက်နယ်မြေတွေကို ပြတ်ပြတ်သားသားကာကွယ်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မေလ(၁၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာတဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ဖိလစ်ပိုင်ရဲ့ နယ်မြေစိုးမိုးရေးကို လေးစားမှုမရှိတဲ့ ကျူးကျော်သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်ဗိုလ်လောင်းတွေရဲ့ သင်တန်းဆင်းပွဲမှာ ဖာဒီနန်မားကို့စ်ဂျူနီယာက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလို့လည်း သိရပါတယ်။ ဖိလစ်ပိုင်နယ်မြေတွေကို ကျူးကျော်သူတွေက ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာကို ဖာဒီနန်မားကို့စ်ဂျူနီယာက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့လည်း ဖိလစ်ပိုင်နဲ့တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ အငြင်းပွားကျွန်းစုတွေအနီးမှာ မကြာခဏထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေပိုမိုမြင့်တက်လျက်ရှိနေတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖိလစ်ပိုင်အစိုးရဟာ ဂျပန်နိုင်ငံဆီကနေ (၉၇)မီတာရှိတဲ့ ကမ်းခြေစောင့်သင်္ဘော(၅)စင်းကို ဝယ်ယူဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှာ (၉၇)မီတာရှိတဲ့ ကမ်းခြေစောင့်သင်္ဘော(၂)စီးသာရှိပြီး တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်မှုတွေ လုပ်ဆောင်ရာမှာ လုံလောက်မှုမရှိဖြစ်နေတာလို့လည်းသိရပါတယ်။ တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်မှာ ပြီးခဲ့တဲ့ဧပြီလ(၃၀)ရက်နေ့က Scarborough Shoal ကျွန်းအနီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပူချိန်မြင့်တက်မှုဒဏ်ကို ကြုံတွေ့နေရသော မြန်မာနိုင်ငံတွင် မေလ (၂၄)ရက်နောက်ပိုင်းမှစတင်ကာ မိုးရွာသွန်းမှုများကို စတင်ကြုံတွေ့ရတော့မည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း