အိန္ဒိယနိုင်ငံမှာ ကြီးမားတဲ့ဆိုင်းဘုတ်ကြီးတစ်ခုပြိုကျခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦး သေဆုံး
Pika(NSS) - မေ ၁၄
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ မိုးကြိုးမုန်တိုင်း တိုက်ခတ်နေစဉ်အချိန်အတွင်း ကြီးမားတဲ့ဆိုင်းဘုတ်ကြီး တစ်ခုပြိုကျမှုကြောင့် အနည်းဆုံးလူ(၁၄)ဦး သေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မေလ(၁၃)ရက်နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတွေတိုက်ခတ်ပြီးတဲ့နောက်မှာတော့ Ghatkopar ရပ်ကွက်မှာရှိတဲ့ ဆိုင်းဘုတ်ကြီးဟာ နေအိမ်အချို့နဲ့ ဆီဆိုင်တစ်ဆိုင်အပေါ်ကို ပြိုကျခဲ့တာလို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက် လူအများအပြားမှာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို မေလ(၁၄)ရက်နေ့ အစောပိုင်းအထိ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းဘုတ် ပြိုကျမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အနည်းဆုံးလူ(၇၄)ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့ထဲက (၃၁)ဦးမှာ ဆေးရုံးဆင်းသွားပြီဖြစ်တယ်လို့ မွန်ဘိုင်းမြို့ မြူနီစီပယ်ကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။
ဒါ့အပြင် အာဏာပိုင်တွေဟာ အပျက်အစီးတွေအောက်မှာ ရှိနေခဲ့တဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရရှိနိုင်ဖို့ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိ Gaurav Chauhan က “ရုပ်အလောင်းတွေရဲ့တည်နေရာတွေကို သိရှိပေမယ့်လည်း ကျွန်တော် တို့ ချက်ချင်း သယ်မထုတ်နိုင်ခဲ့ပါဘူး။ ဆီဆိုင်ရဲ့ပန့်ခ်တွေလည်းရှိနေတော့ အခြေအနေတွေက အန္တရာယ်တွေရှိတာ မလို့ နှောင့်နှေးခဲ့တာတွေ ရှိခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ပြိုကျခဲ့တဲ့ဆိုင်းဘုတ်ကြီးဟာ မီတာ(၅၀)နဲ့ မီတာ(၇၀) အတိုင်းအတာရှိတယ်လို့ မွန်ဘိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲရှောင်များကြောင့် ရန်ကုန်အိမ်ငှားဈေးကွက်၌ ကျပ် (၁၀)သိန်းအောက် တိုက်ခန်းများ အငှားပိုဖြစ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ