သီရိလင်္ကာနိုင်ငံတွင် ကားပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ကားတစ်စီးက လူအုပ်ကြီးကို ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ(၇)ဦး သေဆုံးပြီး (၂ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) – ဧပြီ ၂၂
သီရိလင်္ကာနိုင်ငံမှာ ဧပြီလ(၂၁)ရက်က ကားပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ကားတစ်စီးဟာ လမ်းကြောင်းကနေ ချော်ထွက်ပြီး ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေကို ဝင်တိုက်ခဲ့ရာ အနည်းဆုံးလူ(၇)ဦး သေဆုံးခဲ့ ပြီး အခြားလူ(၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Colombo မြို့ အရှေ့ဘက်(၁၈၀)ကီလိုမီတာအကွာမှာရှိတဲ့ Diyatalawa မြို့မှာ ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲကို လူထောင်ပေါင်းများစွာက ကြည့်ရှုနေစဉ်အချိန်အတွင်းမှာ အဲဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပြိုင်ကားတွေထဲက တစ်စီးဟာ လမ်းကြောင်းကနေချော်ထွက်ပြီး ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူ တွေကို ဝင်တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Nihal Thalduwa က ပြောကြားခဲ့ပါတယ်။
အဲဒီမတော်တဆမှုကြောင့် ပြိုင်ပွဲတာဝန်ရှိသူ(၄)ဦး အပါအဝင် အနည်းဆုံးလူ(၇)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၀)ဦး ကို ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် ဆေးရုံကို ပို့ထားတယ်လို့ Nihal Thalduwa က ပြောခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက (၃)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ Nihal Thalduwa က ထပ်မံပြောဆို ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Nihal Thalduwa က ပြောခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲကို ရပ်နားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီကားပြိုင်ပွဲကို သီရိလင်္ကာစစ်တပ် နဲ့ သီရိလင်္ကာ Automobile Sports တို့က စီစဉ်ကျင်းပတာလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း