ရွှေပြည်သာမြို့နယ်တွင် ဘုရားဖူးကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဘုရားဖူးကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (ဧပြီလ ၁၇ ရက်)၊ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်တာက Light Truck(၂)စီးနဲ့ (၁၀)ပေကားတစ်စီးတို့တိုက်တာ။ တစ်စီးကတိုက်ပြီး မြောင်းထဲပြုတ်ကျသွားတာ။ ကားတွေကတော့ ဂျပန်ဘုရားကနေ ဘုရားဖူးပြန်လာကြတဲ့ကားနဲ့ ဘုရားဖူးဖို့သွားတဲ့ကားလို့ သိရတယ်”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်(၃)စီးပေါ်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၈)ဦး စုစုပေါင်း(၂၂)ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဆိုတော့ စိုးရိမ်ရတဲ့လူနာလည်းရှိတယ်။ မစိုးရိမ်ရတဲ့လူနာလည်းရှိတယ်။ ပွန်းပဲ့ဒဏ်ရာရတဲ့လူတွေလည်းရှိတာပေါ့။ အဓိကကတော့ ပွဲတော်ရက်ဆိုရင် အများစုက သောက်ထားတာလေးတွေရှိတယ်။ အဲဒါကို သိစေချင်တာက ယာဉ်မောင်းဆိုရင် လူတွေအများကြီးကိုတင်ပြီးမောင်းရတာဆိုတော့ အသိလေးတော့ကပ်စေချင်တယ်။ ကိုယ်ကမြန်မြန်မောင်းလိုက်လို့ အများကြီး စောရောက်သွားတာလည်းမဟုတ်ဘူးလေ။ အသက်ပေါင်းများစွာတင်ဆောင်မောင်းရတာဖြစ်တဲ့အတွက် သောက်တာလေးတွေကိုတော့ လျှော့စေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေမေတ္တာလူမှုကူညီရေးအသင်းက မြေပြင်ကုသမှုများပြုလုပ်ကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်ကို လက်တုံ့ပြန်မယ့် အစ္စရေးရဲ့အစီအစဉ်တွေ နှောင့်နေးဖွယ်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ