တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေသည့်အချိန်တွင် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားအစိုးရပြုလုပ်
Pika (NSS) - မတ် ၁၈
မြောက်ကိုရီးယားနိုင်ငံသည် မတ်လ(၁၈)ရက်တွင် ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို နှစ်လအတွင်း ပထမဆုံးအကြိမ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် ဦးဆောင် ကျင်းပမည့် ဒီမိုကရေစီထွန်းကားရေးညီလာခံကို တက်ရောက်ရန်အတွက် ဆိုးလ်မြို့သို့ အလည်အပတ်ရောက်ရှိ နေချိန်တွင် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ ပစ်လွှတ်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ်အရှေ့ဖက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့သည် မြောက်ကိုရီးယား၏ ပဲ့ထိန်း ဒုံးကျည်ဟု ယူဆရသော ပစ်လွှတ်မှုကို အစီရင်ခံစာတင်ပြခဲ့ပြီး အဆိုပါပဲ့ထိန်းဒုံးကျည်မှာ ပင်လယ်ထဲသို့ ကျသွားပြီ ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား၏ ဒုတိယအကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုဟု ယူဆရသော ပစ်လွှတ်မှုတစ်ခု ကို ထပ်မံခြေရာခံတွေ့ရှိခဲ့ကြောင်း ဂျပန်အစိုးရက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါပဲ့ထိန်းဒုံးကျည်သည် ၎င်း၏ သီးသန့်စီးပွားရေးဇုန်အပြင်ဖက်သို့ ကျရောက်သွားခဲ့ကြောင်း ဂျပန်အစိုးရက ထပ်မံပြောဆိုခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စစ်လက်နက်ပစ္စည်းများကို အသုံးပြုကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင်က ကြီးကြပ်ခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများကို (၁၀)ရက်ကြာ လုပ်ဆောင်ခဲ့ ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့တွင် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၅၅၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း