ဩစတြေးလျနိုင်ငံတွင် မိုးပျံပူဖောင်းတစ်လုံးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
Pika (NSS) - မတ် ၁၈
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ(၁၈)ရက်က မိုးပျံပူဖောင်းတစ်လုံးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါမိုးပျံပူဖောင်းသည် မတ်လ(၁၈)ရက် အစောပိုင်းတွင် မဲလ်ဘုန်းမြို့ မြောက်ဖက်ဆင်ခြေဖုံးရပ်ကွက်များမှ ပျံတက်ခဲ့ခြင်းဖြစ်ပြီး လေထဲတွင်မိနစ်(၃၀)ခန့် ပျံသန်းခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးပျံ ပူဖောင်း၏ ခြင်းတောင်းပေါ်မှ ပြုတ်ကျခဲ့သော အမျိုးသား၏ရုပ်အလောင်းကို ရပ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မိုးပျံပူဖောင်းသည် အဆိုပါအမျိုးသားရုပ်အလောင်းကို တွေ့ရှိခဲ့သည့်နေရာနှင့် မိုင်ပေါင်းများစွာအကွာတွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသား၏ သေဆုံးမှုမှာ သံသယဖြစ်ဖွယ်မရှိဟုဆိုသည့် အစီရင်ခံစာများကို စုံစမ်းစစ်ဆေးရေးအရာရှိများထံ တင်ပြသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထို့ပြင် ရဲတပ်ဖွဲ့သည် မိုးပျံပူဖောင်း မောင်းနှင့်သူ၊ လိုက်ပါစီးနင်းသူများ၊ မျက်မြင်သက်သေများ နှင့် စကားပြောဆို မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါအမျိုးသား သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိ ကြောင်း National Commercial Hot Air Ballooning Industry နှင့် Australian Ballooning Federation တို့က ထုတ်ပြန်ပြောခဲ့သည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် “ခရီးသည်တွေ မတော်တဆပြုတ်ကျတာတွေကို ကာကွယ်ဖို့အတွက် မိုးပျံပူဖောင်းရဲ့ ခြင်းတောင်းတွေကို သေချာဒီဇိုင်းထုတ်ထားခဲ့တာပါ။ ဒီဖြစ်ရပ်ဆိုးကြောင့် မောင်းနှင်သူနဲ့ ခရီးသည်တွေလည်း စိတ်မကောင်းဖြစ်နေပါတယ်” ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေသည့်အချိန်တွင် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကို မြောက်ကိုရီးယားအစိုးရပြုလုပ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ