ဒိန်းမတ်နိုင်ငံက အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းနိုင်ဖွယ်ရှိနေ
Pika (NSS) - မတ် ၁၄
ဒိန်းမတ်နိုင်ငံသည် ၎င်း၏ ကာကွယ်ရေး ပိုမိုအားကောင်းလာစေရန်အတွက် စစ်မှုထမ်းခြင်း အစီအစဉ်ကို တိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းခြင်းသည် ကွဲပြားသောလိင်များကြားတွင် တန်းတူညီမျှမှုကို ရရှိစေနိုင်ရန် ကူညီပေးသွားလိမ့်မည်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က မတ်လ(၁၃)ရက်တွင် ပြောကြား ခဲ့သည်။
Mette Frederiksen က "ကျွန်မတို့က စစ်ပွဲကို လိုချင်လို့ အခုလိုမျိုး စစ်မှုထမ်းခြင်းအစီအစဉ်ကို တိုးချဲ့တာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့အစီအစဉ်က စစ်ပွဲကို ရှောင်ရှားဖို့အတွက်ပါ" ဟု ပြောခဲ့သည်။
လက်ရှိအချိန်တွင် ဒိန်းမတ်စစ်တပ်မှာ ပရော်ဖက်ရှင်နယ်စစ်သား(၉)ထောင် နှင့် စစ်မှုထမ်း(၄၇၀၀)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၁၃၇၀၀)ခန့် ရှိကြောင်း သိရသည်။ ဒိန်းမတ်အစိုးရသည် စစ်မှုထမ်းအရေအတွက်ကို (၅)ထောင်ထိ တိုးမြှင့်ရန် ရည်ရွယ်ထားပြီး အမျိုးသားနှင့် အမျိုးသမီးအားလုံးကို စစ်မှုထမ်းစေခိုင်းရန် ရည်မှန်းထားကြောင်း သိရသည်။
ဒိန်းမတ်၏ လက်ရှိဥပဒေအရ အမျိုးသားအားလုံးသည် လေးလခန့် စစ်မှုထမ်းရမည်ဖြစ်ကြောင်းလည်း သိရသည်။ ဒိန်းမတ်နိုင်ငံတွင် စေတနာ့ဝန်ထမ်းများသည် စစ်မှုမထမ်းမနေရ လိုအပ်ချက်ကို လျှော့ချပေးသောကြောင့် အမျိုးသားအားလုံးသည် စစ်မှုထမ်းရန် အတင်းအကြပ်ဖိအားပေးခံရမည်မဟုတ်ကြောင်းလည်း သိရသည်။
အမျိုးသမီးစေတနာ့ဝန်ထမ်းများသည် ဒိန်းမတ်နိုင်ငံ စစ်မှုထမ်းအရေအတွက် (၄၇၀၀)၏ (၂၅)ရာခိုင်နှုန်းခန့်ရှိ ကြောင်းလည်း သိရသည်။ အဆိုပါစစ်မှုထမ်းဥပဒေသစ်ကို ၂၀၂၅ ခုနှစ်တွင် ပြဌာန်းကာ ၂၀၂၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ရန် တောင်းဆိုထားကြောင်းလည်း သိရသည်။ အဆိုပါဥပဒေအသစ်အရ တပ်ဖွဲ့ဝင် အသစ်များကို (၅)လကြာ လေ့ကျင့်မှုများအပြီးတွင် စစ်ဆင်ရေးများကို ခြောက်လကြာ ဆောင်ရွက်ရမည်ဖြစ် ကြောင်းလည်း သိရသည်။
ဆွီဒင်နိုင်ငံသည် အမျိုးသား၊ အမျိုးသမီးအားလုံးအား စစ်မှုထမ်းစေခိုင်းခြင်းကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။ နော်ဝေးနိုင်ငံသည် အမျိုးသမီးများအား မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး အမျိုးသမီး များကို စစ်မှုထမ်းစေခိုင်းသည့် ပထမဆုံးနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရှိ အက်ဖ်ဘီအိုင်၏ လေ့ကျင့်ရေးအဆောက်အဦးတွင် ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း