အမေရိကန်၏ အလားအလာရှိသော နှုတ်ထွက်မှုအတွက် နေတိုးအဖွဲ့က ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း Telegraph ဖော်ပြ
Pika (NSS) - မတ် ၁ဝ
လာမည့်နိုဝင်ဘာလတွင် ပြုလုပ်မည့် ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက နေတိုးအဖွဲ့သည် အမေရိကန်၏ အလားအလာရှိသော အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်မှုနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေကြောင်း အဖွဲ့ဝင်နိုင်ငံများ၏ သံတမန်အများအပြား ပြောဆိုချက်များကို ကိုးကားပြီး Telegraph သတင်းဌာနက မတ်လ(၉)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဥရောပတိုက်ရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်း ရန်အတွက် မဟာဗျူဟာအချို့ကို လုပ်ဆောင်သင့်ပြီး အစုအဖွဲ့၏ ကာကွယ်ရေးစွမ်းရည်ကို ပြန်လည်သုံးသပ်သင့် ကြောင်း အဆိုပါသံတမန်များက သတိပေးပြောဆိုထားသည်။
ဥရောပသံတမန်တစ်ဦးက "နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ အမေရိကန်နိုင်ငံ နှုတ်ထွက်နိုင်ခြေက စိုးရိမ်စရာကိစ္စ တစ်ခုပါပဲ။ ဒေါ်နယ်ထရမ့်က ဘာတွေဆက်လုပ်မယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး" ဟု ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်သွားနိုင်ကြောင်း အစောပိုင်းတွင် အမေရိကန် အကြီးတန်းအရာရှိဟောင်း အများအပြားက ထုတ်ဖော် ပြောခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မာ့ခ်အက်စပါကလည်း အလားတူ ပြောဆိုချက်များကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
မာ့ခ်အက်စပါက "ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တပ်ဖွဲ့တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီကနေ ပြန်လည် ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ပြီး မဟာမိတ်ပြိုကွဲမှုတွေကို ဖြစ်လာစေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်တွင် ဒေါ်နယ်ထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘော်လ်တန်သည် လည်း အလားတူပြောဆိုချက်မျိုးကို ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။ ၎င်းက "နေတိုးအဖွဲ့က အမှန်တကယ်ကို အန္တရာယ်ရှိနေတာပါ။ ဒေါ်နယ်ထရမ့်ဟာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နှုတ်ထွက်သွားနိုင်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားသင့်ကြောင်း ဥရောပသံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နေတိုးအဖွဲ့သည် အမေရိကန်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရကြောင်း အခြားသံတမန် တစ်ဦး က ပြောကြားခဲ့သည်။
အမေရိကန်၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ခြင်း အန္တရာယ်များကို ကာကွယ်ရန်အတွက် ဆွေးနွေးမှုများကို လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံမှာ အလီဇာဒါရီကို သမ္မတအဖြစ် ဒုတိယအကြိမ်မြောက်ရွေးကောက်တင်မြှောက်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း