ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားမည်ဟု ယူကရိန်းသမ္မတ ကတိပြု
Pika (NSS) - ဖေဖော်ဝါရီ ၂၄
ယူကရိန်းသည် ပြီးခဲ့သည့်နှစ်တွင် ရုရှား၏ ကာကွယ်ရေးကို ထိုးဖောက်နိုင်ခြင်းမျိုးမရှိခဲ့သည့်အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒွန်းဘက်စ်ဒေသ၏ အဓိကမြို့ဖြစ်သော Avdeevka မြို့ကို ဆုံးရှုံးလိုက်ရခြင်းများရှိနေသော်လည်း ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုအသစ် ပြုလုပ်ရန် စီစဉ်နေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော် ပြောခဲ့သည်။
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းနိုင်ငံအပေါ် စိတ်ရှည်ခြင်းမျိုးမရှိတော့ကြောင်းနှင့် ရှေ့တန်းစစ်မြေ မျက်နှာပြင်တွင် တိုးတက်မှုများမရှိဟု ထင်မြင်နေကြကြောင်း ဇီလန်စကီးက ဝန်ခံခဲ့သည်။
ဇီလန်စကီး က "ဒီစစ်ပွဲက ဘယ်တော့ပြီးမှာလဲဆိုတဲ့အချက်နဲ့ ဘယ်အချိန်မှာ အနိုင်ရရှိမှာလဲဆိုတဲ့အချက်တွေကို အနောက်အုပ်စုနိုင်ငံတွေက ကျွန်တော့်ကို မေးနေကြပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း အဓိကဦးစားပေးအချက်မှာ လူအသေအပျောက်များခြင်းမှ ရှောင်ရှားရန်ဖြစ်ကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။
ဇီလန်စကီး က "အနောက်အုပ်စုနိုင်ငံတွေက အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင်တောင် ယူကရိန်းက စစ်သားတွေ ဆက်လက်ဆုံးရှုံးနေရမယ်ဆိုရင် ဒါက အရာအားလုံးကို ဆုံးရှုံးလိုက်ရတာမျိုးပါပဲ။ ခုခံကာကွယ်ဖို့က နံပါတ်တစ်အချက်ဖြစ်ပြီး ပင်လယ်နက်မှာ အောင်မြင်တဲ့ဇာတ်လမ်းတစ်ခုရရှိဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ယူကရိန်းနိုင်ငံရဲ့တောင်ဘက်ခြမ်းက တကယ်အရေးကြီးပါတယ်။ ကျွန်တော်တို့ ရဲ့အဓိကဦးစားပေးက ဒွန်းဘက်စ်ဒေသ ရှေ့တန်းစစ်မြေမျက်နှာပြင်ကို ထိန်းထားနိုင်ဖို့ပါ။ ပြီးတော့ ရုရှားတပ်ဖွဲ့ တွေအပေါ် တန်ပြန်ထိုးစစ်ဆင်မှုအသစ်တွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်" ဟု ပြောခဲ့သည်။
ဇီလန်စကီးက တန်ပြန်ထိုးစစ်ဆင်မှုအသစ်သည် အချက်များစွာအပေါ်မူတည်ကြောင်း ပြောဆိုခဲ့သော်လည်း အဆိုပါအစီအစဉ်အတွက် ဖြစ်နိုင်ခြေရှိသော အချိန်ကာလကို ပြောဆိုရန် ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများအတွက် လက်တုံ့ပြန်သွားမည်ဟု တရုတ်အစိုးရ ကတိပြု
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း