အမြန်လမ်းတွင် ရပ်ထားသည့် Express ကားကို Box ကားမှအရှိန်လွန် ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၉
လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရပ်ထားသည့် Express ကားကို Box ကားမှအရှိန်လွန်ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းခွဲ(၂)ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် ၆နာရီ ၄၅မိနစ်အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၁ မိုင်၊ ၃ ဖာလုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခရီးသည်တင်ကားက ပျက်လို့ရပ်ထားတာကို Box ကားကနောက်ကနေဝင်တိုက်မိတာပါ။ ကျွန်တော်တို့ယူဆရတာတော့ Express ကားက လမ်းပေါ်ကို တစ်ဘီးတင် တစ်ဘီးချအနေအထားနဲ့ ရပ်ထားတာမှာ Box ကားကမနက်ပိုင်းဆို နှင်းတွေကျပြီး ရှေ့ကိုဝါးနေတဲ့အချိန်မှာ အရှိန်ပါပြီး ဝင်တိုက်မိတာလို့ ယူဆရပါတယ်”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းခွဲ (၂)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Box ကားပေါ်တွင်လိုက်ပါလာသော ဝမ်းတွင်းမြို့တွင်နေထိုင်သည့် အသက်(၅၄)နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးမာန်အောင်သွင်နှင့် တွံ့တေးမြို့တွင်နေထိုင်သည့် အသက်(၄၃)နှစ်အရွယ် ယာဉ်နောက်လိုက် ဦးနေဝင်းဇော်တို့ (၂)ဦးသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဝင်တိုက်လိုက်တော့ Box ကားပေါ်က ယာဉ်မောင်းက ခေါင်းပွင့်သွားတယ်။ ပြီးတော့ စီယာတိုင်နဲ့ညပ်ပြီး နံကျိုးတယ်။ ခြေလက်ကျိုးတယ်။ ယာဉ်နောက်လိုက်ကတော့ ကားရဲ့ခေါင်းခန်းထဲမှာပဲ လူအိပ်လိုက်လို့ရတဲ့နေရာရှိတယ်။ သူက အဲဒီမှာအိပ်နေတာမှာ ယာဉ်မောင်းရဲ့ ထိုင်ခုံနဲ့ သူ့ခေါင်းနဲ့ညပ်ပြီး အတွင်းကြေသဘောမျိုးရယ် ပြင်ပဒဏ်ရာဆိုလို့ ဘယ်မျက်ခုံးပေါ်မှာ ရှထားတဲ့ဒဏ်ရာနဲ့ ဆုံးသွားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှု ဖြစ်စဉ်တွင် သေဆုံးသူအမျိုးသား(၂)ဦး၏ ရုပ်အလောင်းများကို Medical လူငယ်များလူမှုကူညီရေးအသင်းခွဲ(၂)နှင့် ညာတိသင်္ဂဟအသင်းတို့မှ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံအရေးများနှင့် နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ